Sunday, 28 December 2008
Thursday, 25 December 2008
A Broken Heart
Wednesday, 24 December 2008
Christmas Eve
ခရစ္စမတ်ချိန်ခါ မိသားစု ဆွေမျိုးစုံလင် ဆုံကြသည်။
၁၉၈၉ ခုနှစ် ခရစ္စမတ်အကြိုနေ့....
အဘိုးနှင့် အဘွား အိမ်ကျဉ်းလေးထဲမှာ...
အဘွားနှင့် အမေများက စားရေးသောက်ရေးအတွက် အစီအစဉ်ချ...
အဖေများကတော့ တိုင်းရေးပြည်ရေး ဆွေးနွေး...
အသက် ၉၄ ရှိပြီဖြစ်တဲ့ ဘွားအေကြီး နိုင်းနိုင်းကတော့ ထိုင်နေကျ ကုလားထိုင်လေးမှာ မြေးများအလုပ်ရှုပ်နေကြသည်ကိုထိုင်ကြည့်...
(ကျွန်မတို့ကဏ္ဍ ရောက်လာပါပြီ........)
အဘိုးနှင့် ကလေးတစ်သိုက်က အနီးအနားရှိ သစ်ကိုင်းတစ်ချောင်းကို ရှာခုတ် (ထင်းရှူးပင်မရှိသောကြောင့် တွေ့ရာအကိုင်းသာ ချိုင်ရသည်။) အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ သစ်ကိုင်းစိုက်ရန်အတွက် အနီးအနားရှိ အိမ်အောက်များမှ ပန်းအိုးလွတ်ကို လိုက်ရှာလေရဲ့။ ပန်းအိုးရရုံနှင့် မပြီး ပန်းအိုးထဲ ထည့်ဖို့ သဲလည်း ရှာရသေးသည်။
ပစ္စည်းအားလုံး စုဆောင်းပြီးလျှင် ချိုင်လာတဲ့ အကိုင်းကို မြေပန်းအိုးထဲစိုက်ပြီး အလှဆင်ကြသည်။ အလှဆင်ရန်အတွက်လည်း တန်ဖိုးကြီးအလှပစ္စည်းတွေရှိသည်မဟုတ်။ လမ်းထိပ်ဆိုင်က သကြားလုံးများ နှင့် ပင်ပေါင်ဘောလုံးများကိုဝယ်ပြီး မြေးအဘိုးတစ်သိုက်ရဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ကြသည်။ အားလုံးပြီးစီးသွားလျှင် ကလေးတစ်သိုက် တစ်ယောက်ပြီးတစ်ယောက် ရေချိုးကြရသည်။
ထို့နောက်... မြေးအဘိုးတစ်သိုက် ဖဲ ရိုက်ကြသည်။ (ကျွန်မသည် ထိုအချိန်က ၉ နှစ်) ဖဲကစားခြင်းကို ၁၉၈၈ အရေးခင်းဖြစ်သောကာလ အဘိုးအိမ်တွင် မိသားစုများစုနေကြချိန် ကလေးများ ငြိမ်စေရန်အတွက် အဘိုးမှာ အတူနေ မြေးအားလုံး (၅ ယောက်) ကို ဖဲ စကားနည်း သင်ထားပေးခြင်းဖြစ်သည်။ များသောအားဖြင့်က ပိုကာ၊ ၂၁ ပေါက်၊ ကိုးမှီး တို့ကစားကြသည်။ ဒေါင်းကြေးကလည်း ၁ဝ ပြား၊ ပြား ၂ဝ။ အဘိုးက ဒိုင် လုပ်သည်။ (ကလေးထဲက ဒိုင်လုပ်လျှင် ငြင်းခုံကြသောကြောင့်) ကျွန်မနှင့် ကျွန်မထက် တစ်နှစ်သာကြီးသော အစ်ကိုဝမ်းကွဲ (ပန်းအိုးရှာသူ) နှစ်ယောက်ပေါင်း ဖဲ ဝှက်လေ့ရှိသည်။ ကျွန်မ မောင်လေးကတော့ မနိုင်မချင်း ဆော့ချင်သမား။ ကျွန်မကတော့ ကိုယ်နိုင်ပြီးလျှင် ရပ်လိုက်သည်။ ကိုယ်ရှိတာလေးပြန်ပါသွားမှာ စိုးရိမ်သည်။ သို့သော် ဖဲ သမား သိက္ခာအရ အနိုင်ပိုင်းထွက်မသွားသင့်။ ကံကောင်းသည်က ကျွန်မ အကြွေထုပ်ကြီး (ငါးပြား ဆယ်ပြား) ပျောက်ပျက်မသွားခြင်းပင်ဖြစ်သည်။
ဖဲအတော်အတန်ကြာ ကစားပြီးသည်နှင့် ညနေလည်းစောင်းလာပြီ။ အခြား ဆွေမျိုးမောင်နှမများလည်း အဘိုးအိမ်ရောက်လာကြသည်။ ကလေးအင်အား တောင့်လာသည်။ (အဘိုးတွင် စုစုပေါင်း မြေး ၁၃ ယောက်ရှိသည်။) ထို့ကြောင့် ကလေးများ ခြံထဲထွက်ပြီး ပစ္စည်းဝှက်ရှာတမ်းကစားကြသည်။ အဘိုးမှ ပစ္စည်းတစ်ခုစီကို တစ်နေရာစီဝှက်ထားပြီး ကလေးများက အဖွဲ့ခွဲကာ မြေပုံနှင့် ရှာကြသည်။ ထိုကစားနည်းပြီးလျှင် စိမ်ပြေးလိုက်တမ်း ကစားလိုက ကစားကြသေးသည်။
ညနေစောင်း ကလေးများ ကစားလို့မောလာလျှင်... အဘိုးအိမ်အောက်မှာ အဘိုးပြောလေ့ရှိတဲ့ ဂျပန်ခေတ်က ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ကြပြီး ဧည့်ခန်းကျယ်တွင် တန်းစီအိပ်ကြသည်။
ညဘက်ချိန်ခါ... အိပ်ယာမဝင်မီ.... လူကြီးများကတော့ အဒေါ်ငယ်လုပ်ထားသော ရှမ်းဝက်သားချဉ်ကို မြည်းကြသည်။ အဘွားမသိအောင် လူကြီးများသည် ဝက်သားချဉ် အစိမ်းများစားသည်။ အဘွားသိလျှင် ဝက်သားချဉ်များ ပိုးသေရန် ဆီနှင့်ကြော်လိုက်သောကြောင့် လူကြီးများ မကြိုက်ကြပါ။ ထို့ကြောင့် တိတ်တဆိတ် စားကြသည်။
ခရစ္စမတ်အကြိုနေ့ပြီးဆုံးပါပြီ။
ခရစ္စမတ်နေ့မှာတော့ စားကြသောက်ကြ မိသားစုအချင်းချင်း လက်ဆောင်တွေ အပြန်အလှန်ပေးကြ။ ဆုတောင်းကြ။ အိမ်နီးနားချင်းတွေဆီ လည်ပတ်ကြ။ အားလုံးပျော်ကြသည်။
၂ဝဝ၈ ခရစ္စမတ်အကြိုနေ့....
အဘိုးအိမ်မှာ အဘွားတစ်ယောက်ထဲသာကျန်တော့သည်။ မြေးတစ်သိုက်နဲ့ ကစားနည်းပေါင်းစုံ ဖန်တီးပေးတတ်တဲ့ အဘိုးလည်းမရှိတော့..... နိုင်းနိုင်းလည်းမရှိတော့... အဘွားမှာ ကျွန်မအမေနှင့်သာ ခရစ္စမတ်အချိန်ကုန်ဆုံးမည်ဖြစ်သည်။
ခရစ္စမတ်သစ်ပင်စိုက်ဖို့ ၈၉ တုန်းက ကလေးတွေကလည်း တစ်ယောက်တစ်နေရာစီ...
ပန်းအိုးရှာသူ၊ ဖဲအတူဝှက်ခဲ့တဲ့ အစ်ကိုကလည်း မူးယစ်ဆေးလွန်သောကြောင့် မရှိတော့....
အိမ်ထောင်ကျသူကျ... စားဝတ်နေရေးကြောင့် တိုင်းတစ်ပါးထွက်သူထွက်...
ဆွေမျိုးစုံလင်တွေ့ဖို့မဆိုနှင့်... မိမိ မိသားစုနှင့်တောင် အတူမရှိနိုင်။
အဝေးမှသာ အားလုံးအတွက် ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ။ မိသားစုနှင့် အတူ ရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည်။
ကိုယ်ပိုင်မိသားစုလေးရလျှင် ကိုယ်ပိုင်ကလေးများကို ဆွေမျိုးများနှင့် တစ်နှစ်တစ်ခါတော့ တွေ့ဆုံဖြစ်အောင် ကြိုးစားပေးရမည်။
Thursday, 18 December 2008
ငွေလဲလှယ်နှုန်းထားများ
စီးပွားရေးလှုံ့ဆော်မှုကို အဟန့်အတားဖြစ်စေတဲ့နေရာမှာ အမျိုးမျိုးအထွေထွေဖြစ်နေတဲ့ ငွေလဲနှုန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငွေလဲနှုန်းဟာ ၇ မျိုး လောက်ရှိပါတယ်။
၁။ အစိုးရ၏ တရားဝင်ငွေလဲနှုန်း - တစ်ဒေါ်လာ ၆ ကျပ်၊
၂။ ဒေါ်လာနှင့် အက်ဖ်အီးစီ FEC လဲနှုန်း၊
၃။ အက်ဖ်အီးစီ FEC နှင့် မြန်မာငွေလဲနှုန်း၊
၎။ ထုတ်ကုန်မှ ရရှိတဲ့ နိုင်ငံခြားငွေကို သွင်းကုန်လုပ်ရန် ပြန်လည်ဝယ်ယူငွေ Export Earning Money၊
၅။ မြန်မာနိုင်ငံတွင်း ပစ္စည်းဝယ်လျှင် ဒေါ်လာဖြင့် ဝယ်ယူသောနှုန်း၊
၆။ Free Market တွင် လဲလှယ်နှုန်း၊
၇။ ဟွန်ဒီငွေလွှဲနှုန်း (နိုင်ငံခြားမှ တရားဝင်မဟုတ်ငွေလွှဲခြင်း) စသည်ဖြင့် ငွေလွှဲနှုန်း အမျိုးမျိုးရှိပါတယ်။
၁၉၉၈ အကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံတွင်းရောက်ရှိပြီးသားဖြစ်သော နိုင်ငံခြားငွေများ ထွက်နှုန်းလျော့နည်းအောင် ယခင်ခွင့်ပြုထားတဲ့ အခြေခံလိုအပ်သော စားသောက်ကုန်မဟုတ်သော သွင်းကုန်အမျိုးအစားပေါင်း၏ ၈ဝ ရာခိုင်နှုန်းလောက်ကို ကန့်သတ်လိုက်ပါတယ်။ ထုတ်ကုန်ကရတဲ့ငွေကိုလည်း သွင်းကုန်အနေနဲ့ ပြန်လည် အသွင်ပြောင်းလို့ မရတော့ပါ။

Thursday, 11 December 2008
မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
(မှတ်ချက်။ ။ ရေးသားဖော်ပြချက်များသည် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှ မှတ်သားချက်များအပေါ် အခြေခံပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု ဘာသာရပ် လေ့လာနေသော ကျောင်းသူကျောင်းသားများအတွက် စာသင်ခန်းတွင်း ဆွေးနွေးရာတွင် အထောက်အကူပြုစေရန် ပြန်လည် မျှဝေဖော်ပြခြင်းဖြစ်ပါသည်။)
မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် -
၁၉၈၉ ဝန်းကျင်လောက်မှာ မဲခေါင်ဒေသထဲမှ CMLV ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို နှင့် ဗီယက်နမ်တို့ရဲ့ စီးပွားရေး အခြေအနေဟာ အတူတူလောက်ပဲရှိပါတယ်။
မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ တံခါးဖွင့်စီးပွားရေးဝါဒ စတင်ကျင့်သုံးခဲ့ပါတယ်။ ယခင်က တိုင်းပြည်တွင်းမှာပဲ စီးပွားရေးလုပ်ကိုင်တဲ့ Close Economy ကနေ Open Economy ဖြစ်လာပါတယ်။ Inward looking မှ outward looking ဖြစ်လာတယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဥပဒေဟာ ၁၉၈၉ မှာ စတင်ပါတယ်။ ထိုဥပဒေက တကယ်တမ်း ၁၉၅၈ လောက်မှာထဲက ရှိခဲ့ပါတယ်။ ဦးနေဝင်းလက်ထက်မှာတော့ မရှိတော့ပါဘူး။
ထိုအချိန်က ချက်ကိုဆလိုဗက်ကီးယား၊ ပိုလန်၊ ရုရှ အစရှိတဲ့ နိုင်ငံတွေကလည်း စီးပွားရေးမူဝါဒတွေ ပြောင်းလဲလာပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြောင်းလဲလာပုံခြင်း မတူပေမယ့် ခြုံကြည့်ရင် Democratization ဘက်ကို အသွင်ကူးပြောင်းလာကြတယ်လို့ ပြောလို့ရပါတယ်။ ထိုနိုင်ငံများကတော့ စီးပွားရေးလွတ်မြောက်မှုကို နိုင်ငံရေးလွတ်မြောက်မှုမှ တစ်ဆင့်သွားပါတယ်။
ဗီယက်နမ်ရဲ့စီးပွားရေးအသွင်ကူးပြောင်းမှုကိုကြည့်လျှင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးစံနစ် စတင်လုပ်လာတာ အတူတူလောက်ရှိပါတယ်။ အုပ်ချုပ်မှုစံနစ်ကတော့ ဗီယက်နမ်က ကွန်မြူနစ်ဖြစ်ပြီး မြန်မာကတော့ စစ်အစိုးရအုပ်ချုပ်မှုပုံစံနှင့် အုပ်ချုပ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်က အနည်းငယ် ပို၍ပျော့ပြောင်းတဲ့သဘောမှာ ရှိပါတယ်။ ဗီယက်နမ်က ပိုပြီးတိုးတက်လာတာလည်း တွေ့ရပါတယ်။ တစ်ဘက်မှာလည်း တရုတ်နဲ့ မွန်ဂိုလီးယားတို့လည်း အပြိုင်းအရိုင်းတက်လာပါတယ်။
၁၉၉၅ မှာ ဗီယက်နမ်က အာဆီယံဝင်ပြီး မြန်မာက ၁၉၉၇ မှာ အာဆီယံထဲပါလာပါတယ်။ အရင်က အောက်ဆုံးနားရှိတဲ့ ဗီယက်နမ်က ၂ဝဝ၅ မှာ အာဆီယံ ၁ဝ နိုင်ငံရဲ့ အဆင့် ၅ နေရာ စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံဖြစ်လာပါတယ်။
မြန်မာနိုင်ငံကတော့ စာရင်းအင်းလည်း ဖော်ပြခြင်းမရှိသည့်အတွက် ၁၉၉၅ မှ ၂ဝဝ၆ အထိ မြန်မာအစိုးရ စာရင်းအင်းအရ ၁၁ နှစ်တာအတွင်းမှာ ပျမ်းမျှ အဆပေါင်း ၁၁ ဆ တိုးတက်လာတယ်လို့ပြောပေမယ့် တရုတ်သည်ပင်လျှင် ၁၉၇၉ မှစပြီး နှစ် ၃ဝ အတွင်း ၈ ရာခိုင်နှုန်းပဲတက်ပါတယ်။ တိုးတက်မှုကို တရုတ်ပြည်က သက်သေပြနိုင်သော်လည်း မြန်မာနိုင်ငံတွင် တိုးတက်မှုက သက်ပြေပြရန်မရှိဖြစ်နေပါတယ်။
လာအိုဟာ ကုန်းတွင်းပိတ်နိုင်ငံ၊ လူဦးရေက ၅ သန်းလောက်ပဲရှိပါတယ်။ ယခုအချိန် စီးပွားရေးဖွင့်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေကို မှီပြီးတော့ တက်လာပါတယ်။ လာအိုရဲ့ တစ်ဦးကျဝင်ငွေ (Per Capita Income) ဟာ မြန်မာနိုင်ငံထက်များကြောင်း အာဆီယံနဲ့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာ တွေ့နိုင်ပါတယ်။
ဒီနေရာမှာ အနီးအနားက Sanction ထိဖူးတာခြင်းတူတဲ့ ဗီယက်နမ်ကို လေ့လာကြည့်လျှင် - ဗီယက်နမ်မှာ ၁၉၈၉ မှာတုန်းက အမေရိကန် Sanction ရှိပါတယ်။ ၁၉၉၄ မှာတော့ Sanction ကလွတ်ပါတယ်။ မြန်မာနိုင်ငံမှာက အဲဒီကာလမှာ Sanction မရှိပါဘူး။ ဒါပေမယ့် ဗီယက်နမ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အဲဒီကာလမှာ မြန်မာနိုင်ငံထက် ၄.၇ ဆများပါတယ်။ ၁၉၉၄ နောက်ပိုင်း Sanction လွတ်သွားတဲ့ ဗီယက်နမ်က Liberalization ဖြစ်လာပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၈၇ လောက်ကစပြီး စီးပွားရေးလွတ်လပ်မှုရှိလာသော်လည်း ၁၉၉၉ မှာ မတည်ငြိမ်တဲ့ Rules and Regulations တွေ Self-restrictions တွေကြောင့် ပြန်ကျသွားပါတယ်။ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား ကတော့ ပုံမှန်တိုးတက်လာပါတယ်။
နိုင်ငံခြား Sanction ဟာ မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိလဲဆိုတာ ဆွေးနွေးတိုင်း အငြင်းပွားလေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။ မြန်မာနိုင်ငံကို ၁၉၉၇ မှာ Sanction ရောက်ပါတယ်။
တချို့ကလည်း Sanction က အောက်ခြေလူတန်းစားကို အထိဆုံးဖြစ်တယ်။ တချို့ကလည်း Sanction ကမရှိတာထက်စာရင် ရှိတာ အစိုးရကို အနည်းကျဉ်း ထိခိုက်တယ် တချို့ကလည်း အစိုးရကတော့ ဘယ် Sanction ပဲဖြစ်ဖြစ် မာမာကတော့ မာမာပဲ ဘာမှမထူးဘူး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တကယ်တမ်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် (စစ်အစိုးရလုပ်ငန်းရှင်များကို မဆိုလိုပါ) စီးပွားရေးလွတ်လပ်ခွင့် မရှိလှပါဘူး။ နောက်တစ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း တံခါးသာဖွင့်ပေးလိုက်ပါတယ် တည်ငြိမ်မှုမရှိတဲ့ လုပ်ထုံးဥပဒေများကြောင့် အလုပ်မဖြစ်ပါဘူး။ (ရှမ်းအက ကနေသလိုပါပဲ ရှေ့တစ်လှမ်း နောက်နှစ်လှမ်း လှမ်းနေပါတယ်)။ အဓိကကတော့ Trade Sector မှာပါ။ ဒီလိုဆိုတော့ External Sanction ရှိလို့ ထိခိုက်တာ မထိခိုက်တာတစ်ပိုင်း Internal Sanction (self-impose sanction) မိမိစီးပွားရေးကို မိမိဘာသာ ကန့်သတ်ချုပ်ချယ်မှုကြောင့် စီးပွားရေးလှုံ့ဆော်မှု အားနည်းသည်ကတော့ မငြင်းနိုင်ပါ။
သုံးသပ်ကြည့်လျှင် အတွင်း Sanction အပြင် Sanction များကြောင့် အစိုးရနာသည်မထင်။ စီးပွားရေး ဘူဇွာကြီးများ ထိသည်ထားဦးတော့ ဆင်ပိန်ကျွဲမျှသာ။ တိုင်းပြည်စီးပွားရေး မကောင်းသည့်အတွက် အောက်ခြေကို တစ်ရစ်ရစ်ထိုးဆင်းတယ်ဆိုတော့ အလုပ်အကိုင်မဲ့တာတွေ စားသောက်စားရိတ်တက်လာတာတွေကြောင့် တောင်းရမ်းစားသောက်သူတွေများလာမယ်။ အောက်ခြေလူထု ပို၍အထိနာမယ်လို့ ယူဆပါတယ်။

အစိုးရ ဘတ်ဂျက်သုံးငွေ စာရင်း
အင်္ဂလိပ်ခေတ်မှသည် ဆိုရှယ်လစ်ခေတ်အထိ အစိုးရဘတ်ဂျက်သုံးငွေစာရင်းကို နှစ်တစ်နှစ်ရဲ့ မတ်လ ၃ဝ ရက်နေ့မှာ ဖော်ပြပါတယ်။ ၁၉၉၇ နောက်ပိုင်းမှစ၍ ထိုစာရင်းကို မဖော်ပြတော့ပါ။ အစိုးရသုံးငွေဆိုတာ ပြည်သူအတွက် ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် အသုံးစားရိတ်များကို ဖော်ပြခြင်းဖြစ်ပါတယ်။ ၁၉၉၇ စာရင်းအရ စစ်အသုံးစားရိတ်ဟာ ဘတ်ဂျက်စုစုပေါင်းရဲ့ ၂၉ - ၃ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မြန်မာပြည် စီးပွားရေးပညာရှင်များညွှန်ပြသည်မှာ စစ်အသုံးစားရိတ်တွက်လျှင် တွက်ပုံတွက်နည်း ၂ မျိုး Hardware နှင့် Software ဆို ရှိပါတယ်။ Hardware သုံးငွေဟာ နိုင်ငံခြားမှ လက်နက်၊ ခဲယမ်း ဝယ်သည်ကို ဆိုလိုသည်ဖြစ်ပြီး Software ကတော့ စစ်တပ်ဝန်ထမ်းများအား လစာပေးမှု၊ ပြည်တွင်းထုတ် စစ်အကျီ င်္၊ အသုံးအဆောင် ပစ္စည်းများ စသည်ကို ဆိုလိုပါသည်။ ဤအခြေအနေတွင် ပညာရှင်အများစုက နိုင်ငံခြားမှ ဝယ်ယူသည့် Hardware သုံးငွေအား မြန်မာအစိုးရ၏ တရားဝင်ငွေလဲနှုန်း တစ်ဒေါ်လာ ၆ ကျပ်နှင့် တွက်သည်ဟု ယူဆပါသည်။ ၁၉၉၇ တွင် UNDP ၏ ထုတ်ပြန်ချက်အရမှာ အစိုးရ၏ စစ်အသုံးစားရိတ်သည် လူမှုရေး၊ ကျန်းမာရေး အသုံးစားရိတ်ထက် ၂၂၂ ရာခိုင်နှုန်းမြင့်တယ်လို့ ဖော်ပြထားပါတယ်။
Monday, 8 December 2008
ဒါသဘာဝပါလေ....
တစ်ယောက်ထဲ အထီးကျန်ခဲ့တုန်းက ချစ်သူယောက်ျားကိုလိုအပ်ခဲ့ဖူးတယ်။
ဒါသဘာဝပါလေ.....
ညတွေဟာ ကြယ်ကင်းမဲ့ တိတ်ဆိတ် အေးခဲနေတယ်။ ထွေးပွေ့ထားမယ့် တစ်ယောက်ယောက်ကို မျှော်လင့်ခဲ့ဖူးတယ်။
ဒါသဘာဝပါလေ....
ကစားစရာလေးတွေကို ဆော့လို့အားရပြီးရင် လွှင့်ပစ်လိုက်တယ်။
ဒါသဘာဝပါလေ....
ငါ့လိုမိန်းမမျိုးကို ချစ်ဖို့ကြိုးစားရတာ ငှက်ပျောသီးအခွံနွှာတာလောက် မခက်ခဲ။ မြန်ဆန်တယ်။
ဒါသဘာဝပါလေ....
ဒါပေမယ့်.... ဒါတွေဟာ ဘာကြောင့် ငါဖြစ်ခဲ့ရမှာလဲ။
တစ်ယောက်ထဲ အားငယ် အကူအကယ်မဲ့တုန်းက နှစ်ယောက်အတူရှိရမှာ။ နည်းနည်းလောက် ချစ်တင်းနှီးနှောရုံလောက်ပါ။
ဒါတွေ ဘာကြောင့်ဆိုတာ ..... .... သိမယ်လို့ အမြဲတွေးခဲ့ဖူးတယ်။
အခု... ကြင်နာမှု ဂရုစိုက်မှုလေးတွေ စတင်ခံစားနေရရင်တောင်....
ဒါပေမယ့်.... အချစ်ရေ.... ကိုယ့်ကိုမေ့လိုက်တာ ပိုကောင်းတယ်ဆိုတာ
ယုံကြည်လိုက်ပါ။

Saturday, 6 December 2008
Sufficiency Economy
၁၉၉၇ ခုနှစ်မှာတုန်းက အာရှနိုင်ငံများမှာ ငွေကြေးဆိုင်ရာ စီးပွားရေး အကြပ်အတည်းကြုံခဲ့ရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foreign Direct Investment (FDI) အပေါ်အမှီပြုမှု၊ နည်းပညာတိုးတက် ပြောင်းလဲမှု၊ ဂလိုဘယ်လိုင်ဇေးရှင်း စိန်ခေါ်မှု စသည်များရဲ့ဒဏ်ကို ထိုင်းပြည်သူများအတော်လေးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေဆွဲတဲ့အခါ National Economic and Social Development Board (NESDB) နိုင်ငံတော် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့က ဆွဲပါတယ်။ ထိုင်းပြည်သူပြည်သားများ စီးပွားရေးအကြပ်အတည်းမှ နလံထူဖို့ ဘယ်လိုစီမံကိန်းတွေ မူဝါဒတွေချမှတ်မလဲဆိုတာ အရေးကြီးလာပါပြီ။ ထိုင်းဘုရင်ကြီးရဲ့ Sufficiency Economy (တစ်နိုင်စီးပွားရေး) ကို အစီအစဉ်ဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို အောက်ခြေအထိ လုပ်ဆောင်မည်ကို မူဝါဒချမှတ်သည့်ထဲမှာ ထည့်ဆွဲခဲ့ပါတယ်။
Sufficiency Economy (တစ်နိုင်စီးပွားရေး) ဆိုတာ အလွယ်ကတော့ ကိုယ့်မိသားစုအတွင်း ဖူလုံအောင်အရင်လုပ်၊ ဒုတိယက ဒေသဆိုင်ရာ လူ့အဖွဲ့အစည်း နောက်မှ ထွက်ကုန်တွေကို တင်ပို့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မူဝါဒတွေချမှတ်ရင် အစိုးရအသိုင်းအဝိုင်းက ပို့ကုန်ဦးစားပေးပြီး အောက်ခြေမှာတော့ တစ်နိုင်စီးပွားရေးကို ကျင့်သုံးရမယ်ဆိုတာ ဘုရင်ကချမှတ်ပါတယ်။ တစ်နိုင်စီးပွားရေးက ပို့ကုန်တင်ပို့ရန်အတွက် ပထမအဆင့်နဲ့ ဒုတိယအဆင့်ဖြစ်တဲ့ မိသားစု ဖူလုံရေး၊ ဒေသဆိုင်ရာ ဖူလုံရေးကို အရင်ဖြတ်သန်းပြီးမှ ပို့ကုန်အတွက် စဉ်းစားမယ်ဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၁ နှစ် အခြေခံဥပဒေအရ အောက်ခြေအဆင့်မှာ အစိုးရအဖွဲ့အစည်းတွေ ဖွဲ့ခွင့်ရှိပါတယ်။ အဲဒီအဖွဲ့တွေက ဒေသတိုးတက်ရေးကို လုပ်ကြပါတယ်။ လူငယ်တွေလည်းပါဝင်ကြပါတယ်။ နောက်ပိုင်းမှာတော့ မိမိတို့လိုအပ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်လုပ်ဆောင်လာကြပါတယ်။ ကိုယ့်ရပ်ရွာအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ လူတွေယုံကြည်လာကြပါတယ်။
ဒီနေရာမှာ အချို့သော ပရော်ဖက်ဆာများက မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ပြီး မြန်မာနိုင်ငံက ဒီအတိုင်းဆို ထိုင်းထက်တောင်ရှေ့ရောက်နေတယ်လို့ ဆိုကြပါတယ်။ ဆိုလိုသည်က ယခု ထိုင်းက နောက်ကြောင်းပြန်လှည့်နေသည်။ Modernization မှ Localization ဘက်သို့ပြန်လည် ဦးတည်နေသည်။ ပြောင်းပြန် ပြန်လှည့်လိုက်ရင် မြန်မာက ရှေ့ကပေါ့။ ဒါဆို မြန်မာနိုင်ငံမှာကော Sufficiency Economy ကိုကျင့်သုံးရင် မကောင်းဘူးလား မေးကြပါတယ်။
သုံးသပ်ချက်ကို နောက် ဘလော့မှာ ဆက်လက်ဖော်ပြပါမည်။

မွေးနေ့ဆုတောင်း
ယနေ့ ဒီဇင်ဘာ ၅ ရက်ဟာ ထိုင်းဘုရင်ကြီး ဘူမိဘော (King Bhumibol Adulyadej, Rama IX) ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ပါ။ လောလောဆယ် ထိုင်းဘုရင်ကြီးအရိပ်ကို ခိုလှုံနေသူတစ်ယောက်အနေနဲ့ ထိုင်းဘုရင်ကြီးမွေးနေ့မှာ ဘုရင်ကြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
ချက်ကရီမင်းဆက် ဘူမိဘောဘုရင်ကြီးကို ၁၉၂၇ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ခမည်းတော် မင်းသားကြီး မဟီဒေါ (H.R.H. Prince Mahidol) နဲ့ မိဖုရား စံဝါလျာ (Sangwalya) မှ ဖွားပါတယ်။
ဘုရင်စံနစ်ကျင့်သုံးဆဲ ကမ္ဘာ့နိုင်ငံများအနက် ထိုင်းနိုင်ငံဟာ ဘုရင်အပေါ် အလေးအမြတ်အထားဆုံး နိုင်ငံဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ထိုင်းမှာရှိတဲ့ မြန်မာများကလည်း ဘုရင်ကြီးမွေးနေ့အထိမ်းအမှတ်အနေနဲ့ သွေးလှူကြပါတယ်။

Wednesday, 3 December 2008
Rock the boat
"ကိုယ်တို့နှစ်ယောက်အချစ်ဟာ သမုဒ္ဒရာကြီးထဲမှာ ရွက်လွှင့်နေတဲ့ လှေလေးလိုပါပဲ။ လှေကလေးမှာ
အချစ်၊ သံယောဇဉ် ဆိုတဲ့ ကုန်တွေအပြည့်တင်လာပါတယ်။
အချစ်လှေကလေးကို စတင်ရွက်လွှင့်ချိန်မှစ အချစ်အထိအတွေ့လေးတွေက အပြေးလေးတိုက်လာတဲ့လေလိုပါပဲ ကိုယ့်ရင်ထဲအေးပြီး လှုပ်ခါစေပါတယ်။
အချစ်ရဲ့ ခွန်အားပြည့်လက်မောင်းလေးတွေက လိမ့်လူးနေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ကိုယ့်ကိုလုံခြုံစေပါတယ်။
ဒို့နှစ်ယောက်ဟာ အမြဲတမ်း ငြိမ်းချမ်းတဲ့ ဆိပ်ကမ်းကို ကပ်ကြပါတယ်။
အခုအချိန်ထိတော့ မုန်တိုင်းတွေကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီးပါပြီ။ အချစ်ရဲ့ ချစ်စရာနှုတ်ခမ်းလေးတွေက ကိုယ့်ကိုနွေးထွေးစေပါတယ်။ အချစ်ဆီက ခွန်အားဖြစ်စေတဲ့ ဒီလိုအချစ်လေးတွေကို ကိုယ်လိုအပ်ပါတယ်။ ကိုယ့်ကိုတော့ ရေထဲမြောမချလိုက်ပါနဲ့ကွယ်။"
ဗီးနပ်စ်၊ ဂျူပီတာ နှင့် လ တို့ပေါင်းလိုက်သော အပြုံး
ဓါတ်ပုံ။ Bangkok Post
ထိုင်းနိုင်ငံမှာ ပြည်တွင်းနိုင်ငံရေး ရှုပ်ယှက်ခတ်နေသည့်ကြားက ဒီဇင်ဘာ ၁ ရက်နေ့ည ၈ နာရီလောက် ကောင်းကင်မှာ လပြုံးနေတယ်ဆို အတော်လေး ရိုက်ခတ်သွားပါတယ်။
လ၊ ဂျူပီတာ နဲ့ ဗီးနပ်စ် တို့ဟာ မိုင်ပေါင်းများစွာဝေးကွာနေပေမယ့် ထိုညက ကောင်းကင်ကကြည့်လိုက်ရင် နီးနီးလေး ထင်ရသရောင်။
ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာတည်ရှိသည့် နေစကြဝဋ္ဌာ။
ဓါတ်ပုံ။ http://rocksfromspace.open.ac.uk/the_solar_system.htm
နေ ကနေ စရေတွက်ရင် ဗီးနပ်စ်က ဒုတိယမြောက်ဂြိုလ်ပါ။ ကမ္ဘာနဲ့ အရွယ်အစားမကွာလှပါဘူး။ ငါးခုမြောက် ဂျူပီတာကတော့ အကြီးဆုံးဂြိုလ်ပါ။ အရောင်ကလည်း အတော်လှပါတယ်။ (ဘီဘီစီကရိုက်ထားတဲ့ documentary အရ။ ထိုဗွီစီဒီခွေများကို ပန်းဆိုးတန်း ဂျေဒိုးနတ်နားက ဆိုင်လေးတွေမှာ ဈေးသက်သာစွာရပါတယ်။)
နက္ခတ်ပညာရှင်တစ်ယောက်က ပြောပြဖူးပါတယ်။ အနောက်နိုင်ငံ နက္ခတ်တာရာကြည့် ဗေဒင်ပညာမှာ ပလူတိုကို ဂြိုလ်အဖြစ်ထည့်မတွက်တော့ပါဘူး။ ဒါပေမယ့် အရှေ့တိုင်းမှာတော့ ထည့်တွက်ဆဲပါ။ ထည့်တွက်တဲ့နည်းက မှန်တယ်လို့ ဆိုပါတယ်။
ရှေးခေတ် ရောမ မှာကတော့ ဗီးနပ်စ်ဆိုတာ အချစ်နတ်ဘုရားမဖြစ်ပြီး ဂျူပီတာကတော့ နတ်ဘုရားများအားလုံးရဲ့ ဘုရင်ကြီးပါ။ ဂြိုလ်တွေပေါ်မူတည်ပြီး နတ်ဘုရားတွေ သတ်မှတ်ခဲ့သလား နတ်ဘုရားတွေ သတ်မှတ်ခဲ့ပြီးမှ ဂြိုလ်တွေကို နာမည်ပေးသလား စဉ်းစားဖူးပါတယ်။
ဂြိုလ်တွေနဲ့ သူတို့ရဲ့ ဂြိုလ်ရံလတွေကို အမည်ပေးတာ International Astronomical Union (IAU) ကပါ။ ထိုအဖွဲ့ကို ၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက နက္ခတ်ပညာရှင်များ ဖြစ်ပါတယ်။ ကမ္ဘာကလွဲရင် ဂြိုလ်များကို အမည်ပေးရာမှာ ရှေးခေတ် ရောမ၊ ဂရိ နတ်ဘုရားများရဲ့ ဝိသေသလက္ခဏာပေါ် မူတည်ပြီးပေးခဲ့ပါတယ်။
Monday, 1 December 2008
ထိုင်းနိုင်ငံမှ One Tambon One Product (OTOP)
ထိုင်းလို Tambon ဆိုတာ မြန်မာနိုင်ငံအနေနဲ့ဆို ခရိုင်အောက်မှာရှိတဲ့ ကျေးရွာအပိုင်း၊ ကျေးရွာစု နဲ့ တူပါတယ်။ One Tambon One Product အတိုကောက်အားဖြင့် အိုတော့ပ် (OTOP) ဆိုတာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် Mr. Thaksin Shinawatra လက်ထက်က ကျေးရွာလူထုမှာ ဒေသခံ စွန့်ထွင်ဦးစီးလုပ်သူများကို မြေတောင်မြှောက်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။
Subscribe to:
Posts (Atom)