Saturday, 6 December 2008

Sufficiency Economy

၁၉၉၇ ခုနှစ်မှာတုန်းက အာရှနိုင်ငံများမှာ ငွေကြေးဆိုင်ရာ စီးပွားရေး အကြပ်အတည်းကြုံခဲ့ရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foreign Direct Investment (FDI) အပေါ်အမှီပြုမှု၊ နည်းပညာတိုးတက် ပြောင်းလဲမှု၊ ဂလိုဘယ်လိုင်ဇေးရှင်း စိန်ခေါ်မှု စသည်များရဲ့ဒဏ်ကို ထိုင်းပြည်သူများအတော်လေးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေဆွဲတဲ့အခါ National Economic and Social Development Board (NESDB) နိုင်ငံတော် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့က ဆွဲပါတယ်။ ထိုင်းပြည်သူပြည်သားများ စီးပွားရေးအကြပ်အတည်းမှ နလံထူဖို့ ဘယ်လိုစီမံကိန်းတွေ မူဝါဒတွေချမှတ်မလဲဆိုတာ အရေးကြီးလာပါပြီ။ ထိုင်းဘုရင်ကြီးရဲ့ Sufficiency Economy (တစ်နိုင်စီးပွားရေး) ကို အစီအစဉ်ဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို အောက်ခြေအထိ လုပ်ဆောင်မည်ကို မူဝါဒချမှတ်သည့်ထဲမှာ ထည့်ဆွဲခဲ့ပါတယ်။

Sufficiency Economy (တစ်နိုင်စီးပွားရေး) ဆိုတာ အလွယ်ကတော့ ကိုယ့်မိသားစုအတွင်း ဖူလုံအောင်အရင်လုပ်၊ ဒုတိယက ဒေသဆိုင်ရာ လူ့အဖွဲ့အစည်း နောက်မှ ထွက်ကုန်တွေကို တင်ပို့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မူဝါဒတွေချမှတ်ရင် အစိုးရအသိုင်းအဝိုင်းက ပို့ကုန်ဦးစားပေးပြီး အောက်ခြေမှာတော့ တစ်နိုင်စီးပွားရေးကို ကျင့်သုံးရမယ်ဆိုတာ ဘုရင်ကချမှတ်ပါတယ်။ တစ်နိုင်စီးပွားရေးက ပို့ကုန်တင်ပို့ရန်အတွက် ပထမအဆင့်နဲ့ ဒုတိယအဆင့်ဖြစ်တဲ့ မိသားစု ဖူလုံရေး၊ ဒေသဆိုင်ရာ ဖူလုံရေးကို အရင်ဖြတ်သန်းပြီးမှ ပို့ကုန်အတွက် စဉ်းစားမယ်ဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၁ နှစ် အခြေခံဥပဒေအရ အောက်ခြေအဆင့်မှာ အစိုးရအဖွဲ့အစည်းတွေ ဖွဲ့ခွင့်ရှိပါတယ်။ အဲဒီအဖွဲ့တွေက ဒေသတိုးတက်ရေးကို လုပ်ကြပါတယ်။ လူငယ်တွေလည်းပါဝင်ကြပါတယ်။ နောက်ပိုင်းမှာတော့ မိမိတို့လိုအပ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်လုပ်ဆောင်လာကြပါတယ်။ ကိုယ့်ရပ်ရွာအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ လူတွေယုံကြည်လာကြပါတယ်။

ဒီနေရာမှာ အချို့သော ပရော်ဖက်ဆာများက မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ပြီး မြန်မာနိုင်ငံက ဒီအတိုင်းဆို ထိုင်းထက်တောင်ရှေ့ရောက်နေတယ်လို့ ဆိုကြပါတယ်။ ဆိုလိုသည်က ယခု ထိုင်းက နောက်ကြောင်းပြန်လှည့်နေသည်။ Modernization မှ Localization ဘက်သို့ပြန်လည် ဦးတည်နေသည်။ ပြောင်းပြန် ပြန်လှည့်လိုက်ရင် မြန်မာက ရှေ့ကပေါ့။ ဒါဆို မြန်မာနိုင်ငံမှာကော Sufficiency Economy ကိုကျင့်သုံးရင် မကောင်းဘူးလား မေးကြပါတယ်။

သုံးသပ်ချက်ကို နောက် ဘလော့မှာ ဆက်လက်ဖော်ပြပါမည်။

0 comments: