Monday, 1 December 2008

ထိုင်းနိုင်ငံမှ One Tambon One Product (OTOP)

ထိုင်းလို Tambon ဆိုတာ မြန်မာနိုင်ငံအနေနဲ့ဆို ခရိုင်အောက်မှာရှိတဲ့ ကျေးရွာအပိုင်း၊ ကျေးရွာစု နဲ့ တူပါတယ်။ One Tambon One Product အတိုကောက်အားဖြင့် အိုတော့ပ် (OTOP) ဆိုတာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် Mr. Thaksin Shinawatra လက်ထက်က ကျေးရွာလူထုမှာ ဒေသခံ စွန့်ထွင်ဦးစီးလုပ်သူများကို မြေတောင်မြှောက်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။




မစ္စတာသက်ဆင် ဂျပန်ပြည်သွားတုန်းက One Village One Product (OVOP) ဆိုတဲ့ အစီအစဉ်ကို လေ့လာခဲ့ပါတယ်။ ထိုင်းနိုင်ငံပြန်ရောက်တော့ ထိုင်းမှာလည်း One Tambon One Product (OTOP) ကို စတင်ပါတော့တယ်။

ကျေးရွာစုအပိုင်းတစ်ပိုင်းစီမှာ နိုင်ငံတကာ ရောင်းတန်းဝင် ထုတ်ကုန်တစ်မျိုးကို ထုတ်ပါတယ်။ ဥပမာ - ငှက်ပျောသီးခြောက်လုပ်တဲ့ Tambon က ငှက်ပျောသီးပဲစိုက်ပြီး ငှက်ပျောခြောက်ပဲလုပ်ပါတယ်။

မစ္စတာသက်ဆင်လက်ထက် အစိုးရက စီးပွားရေးမူဝါဒချမှတ်ရာမှာ Private Sector အားကောင်းလာလျှင် အောက်ခြေလူတန်းစား အဖွဲ့တွေပါ အားကောင်းလာမယ်ဆိုတဲ့ ယူဆချက်နဲ့ မူဝါဒဆွဲခဲ့တယ်။ ကျေးရွာအဆင့်တွေမှာ ငွေချေးပေးတယ်။ တစ်နှစ်ပြီးရင် ငွေပြန်ဆပ်ရတယ်။ ရွာကလူထုက ထွက်ကုန်ပေါ်မှာပဲ အာရုံစိုက်ကြတယ်။ အိုတော့ပ်က ပို့ကုန်ဦးစားပေးတဲ့ စီးပွားရေးမူဝါဒတစ်ခု ဖြစ်ပါတယ်။ Niche Market (တစ်ခုကောင်းကုန်ပစ္စည်းကို နိုင်ငံတကာ ဈေးကွက်မှာ တင်ရောင်းထားခြင်း။ ဥပမာ - ထိုင်းနိုင်ငံလုပ် ရိုးရာပိုးထည်။) အတွက် ဦးတည်ပြီး ထုတ်လုပ်ကြသည်။

ဒါပေမယ့် တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်တဲ့အခါမှာတော့ လူထုမှာ အကြွေးတွေပိုများလာတယ်။ ရေ၊ မြေ၊ သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးသွားတယ်။ ၁ဝ နှစ်အတွင်းမှာ ဒေသခံကလူတွေက မြို့ပြကိုပြောင်းရွှေ့တဲ့ အရေအတွက်က ပိုများလာတယ်။ ထိုသူတွေက ထုတ်လုပ်တဲ့အနေအထားကနေ စားသုံးတဲ့အနေအထားဖြစ်လာတယ်။ အထူးသဖြင့် စိုက်ပျိုးရေးလုပ်တဲ့ ရွာသူရွာသားတွေက ပိုမိုထိခိုက်လာတယ် လို့ သိရပါတယ်။

မစ္စတာ သက်ဆင်ရာထူးမှကျပြီး နောက်အစိုးရကတော့ ၂ဝဝ၆ မှာ အိုတော့ပ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

0 comments: