Sunday 28 December 2008

Thursday 25 December 2008

A Broken Heart



ချစ်ခြင်း ပေါက်ပွားရာနေရာလို့ တင်စားကြတဲ့ အသည်း/နှလုံးသား ... ဆိုတာ တစ်ပတ်လည် Animation လိုပါပဲ။ ကွဲလိုက် ပြန်ဆက်လိုက်။ Loop လုပ်မယ်လို့ Command ပေးထားလိုက်တော့ အသည်းက ကွဲလိုက် ပြန်ဆက်လိုက် ကွဲလိုက် ပြန်ဆက်လိုက်...

Wednesday 24 December 2008

Christmas Eve



ခရစ္စမတ်ချိန်ခါ မိသားစု ဆွေမျိုးစုံလင် ဆုံကြသည်။

၁၉၈၉ ခုနှစ် ခရစ္စမတ်အကြိုနေ့....

အဘိုးနှင့် အဘွား အိမ်ကျဉ်းလေးထဲမှာ...
အဘွားနှင့် အမေများက စားရေးသောက်ရေးအတွက် အစီအစဉ်ချ...
အဖေများကတော့ တိုင်းရေးပြည်ရေး ဆွေးနွေး...
အသက် ၉၄ ရှိပြီဖြစ်တဲ့ ဘွားအေကြီး နိုင်းနိုင်းကတော့ ထိုင်နေကျ ကုလားထိုင်လေးမှာ မြေးများအလုပ်ရှုပ်နေကြသည်ကိုထိုင်ကြည့်...

(ကျွန်မတို့ကဏ္ဍ ရောက်လာပါပြီ........)

အဘိုးနှင့် ကလေးတစ်သိုက်က အနီးအနားရှိ သစ်ကိုင်းတစ်ချောင်းကို ရှာခုတ် (ထင်းရှူးပင်မရှိသောကြောင့် တွေ့ရာအကိုင်းသာ ချိုင်ရသည်။) အစ်ကိုဝမ်းကွဲတစ်ယောက်ကတော့ သစ်ကိုင်းစိုက်ရန်အတွက် အနီးအနားရှိ အိမ်အောက်များမှ ပန်းအိုးလွတ်ကို လိုက်ရှာလေရဲ့။ ပန်းအိုးရရုံနှင့် မပြီး ပန်းအိုးထဲ ထည့်ဖို့ သဲလည်း ရှာရသေးသည်။

ပစ္စည်းအားလုံး စုဆောင်းပြီးလျှင် ချိုင်လာတဲ့ အကိုင်းကို မြေပန်းအိုးထဲစိုက်ပြီး အလှဆင်ကြသည်။ အလှဆင်ရန်အတွက်လည်း တန်ဖိုးကြီးအလှပစ္စည်းတွေရှိသည်မဟုတ်။ လမ်းထိပ်ဆိုင်က သကြားလုံးများ နှင့် ပင်ပေါင်ဘောလုံးများကိုဝယ်ပြီး မြေးအဘိုးတစ်သိုက်ရဲ့ ခရစ္စမတ်သစ်ပင်ကြီးကို အလှဆင်ကြသည်။ အားလုံးပြီးစီးသွားလျှင် ကလေးတစ်သိုက် တစ်ယောက်ပြီးတစ်ယောက် ရေချိုးကြရသည်။

ထို့နောက်... မြေးအဘိုးတစ်သိုက် ဖဲ ရိုက်ကြသည်။ (ကျွန်မသည် ထိုအချိန်က ၉ နှစ်) ဖဲကစားခြင်းကို ၁၉၈၈ အရေးခင်းဖြစ်သောကာလ အဘိုးအိမ်တွင် မိသားစုများစုနေကြချိန် ကလေးများ ငြိမ်စေရန်အတွက် အဘိုးမှာ အတူနေ မြေးအားလုံး (၅ ယောက်) ကို ဖဲ စကားနည်း သင်ထားပေးခြင်းဖြစ်သည်။ များသောအားဖြင့်က ပိုကာ၊ ၂၁ ပေါက်၊ ကိုးမှီး တို့ကစားကြသည်။ ဒေါင်းကြေးကလည်း ၁ဝ ပြား၊ ပြား ၂ဝ။ အဘိုးက ဒိုင် လုပ်သည်။ (ကလေးထဲက ဒိုင်လုပ်လျှင် ငြင်းခုံကြသောကြောင့်) ကျွန်မနှင့် ကျွန်မထက် တစ်နှစ်သာကြီးသော အစ်ကိုဝမ်းကွဲ (ပန်းအိုးရှာသူ) နှစ်ယောက်ပေါင်း ဖဲ ဝှက်လေ့ရှိသည်။ ကျွန်မ မောင်လေးကတော့ မနိုင်မချင်း ဆော့ချင်သမား။ ကျွန်မကတော့ ကိုယ်နိုင်ပြီးလျှင် ရပ်လိုက်သည်။ ကိုယ်ရှိတာလေးပြန်ပါသွားမှာ စိုးရိမ်သည်။ သို့သော် ဖဲ သမား သိက္ခာအရ အနိုင်ပိုင်းထွက်မသွားသင့်။ ကံကောင်းသည်က ကျွန်မ အကြွေထုပ်ကြီး (ငါးပြား ဆယ်ပြား) ပျောက်ပျက်မသွားခြင်းပင်ဖြစ်သည်။

ဖဲအတော်အတန်ကြာ ကစားပြီးသည်နှင့် ညနေလည်းစောင်းလာပြီ။ အခြား ဆွေမျိုးမောင်နှမများလည်း အဘိုးအိမ်ရောက်လာကြသည်။ ကလေးအင်အား တောင့်လာသည်။ (အဘိုးတွင် စုစုပေါင်း မြေး ၁၃ ယောက်ရှိသည်။) ထို့ကြောင့် ကလေးများ ခြံထဲထွက်ပြီး ပစ္စည်းဝှက်ရှာတမ်းကစားကြသည်။ အဘိုးမှ ပစ္စည်းတစ်ခုစီကို တစ်နေရာစီဝှက်ထားပြီး ကလေးများက အဖွဲ့ခွဲကာ မြေပုံနှင့် ရှာကြသည်။ ထိုကစားနည်းပြီးလျှင် စိမ်ပြေးလိုက်တမ်း ကစားလိုက ကစားကြသေးသည်။

ညနေစောင်း ကလေးများ ကစားလို့မောလာလျှင်... အဘိုးအိမ်အောက်မှာ အဘိုးပြောလေ့ရှိတဲ့ ဂျပန်ခေတ်က ရှေးဟောင်းနှောင်းဖြစ်များကို နားထောင်ကြပြီး ဧည့်ခန်းကျယ်တွင် တန်းစီအိပ်ကြသည်။

ညဘက်ချိန်ခါ... အိပ်ယာမဝင်မီ.... လူကြီးများကတော့ အဒေါ်ငယ်လုပ်ထားသော ရှမ်းဝက်သားချဉ်ကို မြည်းကြသည်။ အဘွားမသိအောင် လူကြီးများသည် ဝက်သားချဉ် အစိမ်းများစားသည်။ အဘွားသိလျှင် ဝက်သားချဉ်များ ပိုးသေရန် ဆီနှင့်ကြော်လိုက်သောကြောင့် လူကြီးများ မကြိုက်ကြပါ။ ထို့ကြောင့် တိတ်တဆိတ် စားကြသည်။

ခရစ္စမတ်အကြိုနေ့ပြီးဆုံးပါပြီ။

ခရစ္စမတ်နေ့မှာတော့ စားကြသောက်ကြ မိသားစုအချင်းချင်း လက်ဆောင်တွေ အပြန်အလှန်ပေးကြ။ ဆုတောင်းကြ။ အိမ်နီးနားချင်းတွေဆီ လည်ပတ်ကြ။ အားလုံးပျော်ကြသည်။

၂ဝဝ၈ ခရစ္စမတ်အကြိုနေ့....

အဘိုးအိမ်မှာ အဘွားတစ်ယောက်ထဲသာကျန်တော့သည်။ မြေးတစ်သိုက်နဲ့ ကစားနည်းပေါင်းစုံ ဖန်တီးပေးတတ်တဲ့ အဘိုးလည်းမရှိတော့..... နိုင်းနိုင်းလည်းမရှိတော့... အဘွားမှာ ကျွန်မအမေနှင့်သာ ခရစ္စမတ်အချိန်ကုန်ဆုံးမည်ဖြစ်သည်။

ခရစ္စမတ်သစ်ပင်စိုက်ဖို့ ၈၉ တုန်းက ကလေးတွေကလည်း တစ်ယောက်တစ်နေရာစီ...
ပန်းအိုးရှာသူ၊ ဖဲအတူဝှက်ခဲ့တဲ့ အစ်ကိုကလည်း မူးယစ်ဆေးလွန်သောကြောင့် မရှိတော့....
အိမ်ထောင်ကျသူကျ... စားဝတ်နေရေးကြောင့် တိုင်းတစ်ပါးထွက်သူထွက်...
ဆွေမျိုးစုံလင်တွေ့ဖို့မဆိုနှင့်... မိမိ မိသားစုနှင့်တောင် အတူမရှိနိုင်။

အဝေးမှသာ အားလုံးအတွက် ပျော်ရွှင်သောခရစ္စမတ်ဖြစ်ပါစေ။ မိသားစုနှင့် အတူ ရှိနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါသည်။

ကိုယ်ပိုင်မိသားစုလေးရလျှင် ကိုယ်ပိုင်ကလေးများကို ဆွေမျိုးများနှင့် တစ်နှစ်တစ်ခါတော့ တွေ့ဆုံဖြစ်အောင် ကြိုးစားပေးရမည်။

Thursday 18 December 2008

Bleeding love


Picture: http://en.wikipedia.org/wiki/Dicentra_spectabilis

ငွေလဲလှယ်နှုန်းထားများ

စီးပွားရေးလှုံ့ဆော်မှုကို အဟန့်အတားဖြစ်စေတဲ့နေရာမှာ အမျိုးမျိုးအထွေထွေဖြစ်နေတဲ့ ငွေလဲနှုန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငွေလဲနှုန်းဟာ ၇ မျိုး လောက်ရှိပါတယ်။

၁။ အစိုးရ၏ တရားဝင်ငွေလဲနှုန်း - တစ်ဒေါ်လာ ၆ ကျပ်၊
၂။ ဒေါ်လာနှင့် အက်ဖ်အီးစီ FEC လဲနှုန်း၊
၃။ အက်ဖ်အီးစီ FEC နှင့် မြန်မာငွေလဲနှုန်း၊
၎။ ထုတ်ကုန်မှ ရရှိတဲ့ နိုင်ငံခြားငွေကို သွင်းကုန်လုပ်ရန် ပြန်လည်ဝယ်ယူငွေ Export Earning Money၊
၅။ မြန်မာနိုင်ငံတွင်း ပစ္စည်းဝယ်လျှင် ဒေါ်လာဖြင့် ဝယ်ယူသောနှုန်း၊
၆။ Free Market တွင် လဲလှယ်နှုန်း၊
၇။ ဟွန်ဒီငွေလွှဲနှုန်း (နိုင်ငံခြားမှ တရားဝင်မဟုတ်ငွေလွှဲခြင်း) စသည်ဖြင့် ငွေလွှဲနှုန်း အမျိုးမျိုးရှိပါတယ်။

၁၉၉၈ အကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံတွင်းရောက်ရှိပြီးသားဖြစ်သော နိုင်ငံခြားငွေများ ထွက်နှုန်းလျော့နည်းအောင် ယခင်ခွင့်ပြုထားတဲ့ အခြေခံလိုအပ်သော စားသောက်ကုန်မဟုတ်သော သွင်းကုန်အမျိုးအစားပေါင်း၏ ၈ဝ ရာခိုင်နှုန်းလောက်ကို ကန့်သတ်လိုက်ပါတယ်။ ထုတ်ကုန်ကရတဲ့ငွေကိုလည်း သွင်းကုန်အနေနဲ့ ပြန်လည် အသွင်ပြောင်းလို့ မရတော့ပါ။

Thursday 11 December 2008

မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု

(မှတ်ချက်။ ။ ရေးသားဖော်ပြချက်များသည် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှ မှတ်သားချက်များအပေါ် အခြေခံပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု ဘာသာရပ် လေ့လာနေသော ကျောင်းသူကျောင်းသားများအတွက် စာသင်ခန်းတွင်း ဆွေးနွေးရာတွင် အထောက်အကူပြုစေရန် ပြန်လည် မျှဝေဖော်ပြခြင်းဖြစ်ပါသည်။)

မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် -

၁၉၈၉ ဝန်းကျင်လောက်မှာ မဲခေါင်ဒေသထဲမှ CMLV ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို နှင့် ဗီယက်နမ်တို့ရဲ့ စီးပွားရေး အခြေအနေဟာ အတူတူလောက်ပဲရှိပါတယ်။

မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်နောက်ပိုင်းမှာ တံခါးဖွင့်စီးပွားရေးဝါဒ စတင်ကျင့်သုံးခဲ့ပါတယ်။ ယခင်က တိုင်းပြည်တွင်းမှာပဲ စီးပွားရေးလုပ်ကိုင်တဲ့ Close Economy ကနေ Open Economy ဖြစ်လာပါတယ်။ Inward looking မှ outward looking ဖြစ်လာတယ်။ မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဥပဒေဟာ ၁၉၈၉ မှာ စတင်ပါတယ်။ ထိုဥပဒေက တကယ်တမ်း ၁၉၅၈ လောက်မှာထဲက ရှိခဲ့ပါတယ်။ ဦးနေဝင်းလက်ထက်မှာတော့ မရှိတော့ပါဘူး။

ထိုအချိန်က ချက်ကိုဆလိုဗက်ကီးယား၊ ပိုလန်၊ ရုရှ အစရှိတဲ့ နိုင်ငံတွေကလည်း စီးပွားရေးမူဝါဒတွေ ပြောင်းလဲလာပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပြောင်းလဲလာပုံခြင်း မတူပေမယ့် ခြုံကြည့်ရင် Democratization ဘက်ကို အသွင်ကူးပြောင်းလာကြတယ်လို့ ပြောလို့ရပါတယ်။ ထိုနိုင်ငံများကတော့ စီးပွားရေးလွတ်မြောက်မှုကို နိုင်ငံရေးလွတ်မြောက်မှုမှ တစ်ဆင့်သွားပါတယ်။

ဗီယက်နမ်ရဲ့စီးပွားရေးအသွင်ကူးပြောင်းမှုကိုကြည့်လျှင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းရေးစံနစ် စတင်လုပ်လာတာ အတူတူလောက်ရှိပါတယ်။ အုပ်ချုပ်မှုစံနစ်ကတော့ ဗီယက်နမ်က ကွန်မြူနစ်ဖြစ်ပြီး မြန်မာကတော့ စစ်အစိုးရအုပ်ချုပ်မှုပုံစံနှင့် အုပ်ချုပ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်က အနည်းငယ် ပို၍ပျော့ပြောင်းတဲ့သဘောမှာ ရှိပါတယ်။ ဗီယက်နမ်က ပိုပြီးတိုးတက်လာတာလည်း တွေ့ရပါတယ်။ တစ်ဘက်မှာလည်း တရုတ်နဲ့ မွန်ဂိုလီးယားတို့လည်း အပြိုင်းအရိုင်းတက်လာပါတယ်။
၁၉၉၅ မှာ ဗီယက်နမ်က အာဆီယံဝင်ပြီး မြန်မာက ၁၉၉၇ မှာ အာဆီယံထဲပါလာပါတယ်။ အရင်က အောက်ဆုံးနားရှိတဲ့ ဗီယက်နမ်က ၂ဝဝ၅ မှာ အာဆီယံ ၁ဝ နိုင်ငံရဲ့ အဆင့် ၅ နေရာ စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံဖြစ်လာပါတယ်။

မြန်မာနိုင်ငံကတော့ စာရင်းအင်းလည်း ဖော်ပြခြင်းမရှိသည့်အတွက် ၁၉၉၅ မှ ၂ဝဝ၆ အထိ မြန်မာအစိုးရ စာရင်းအင်းအရ ၁၁ နှစ်တာအတွင်းမှာ ပျမ်းမျှ အဆပေါင်း ၁၁ ဆ တိုးတက်လာတယ်လို့ပြောပေမယ့် တရုတ်သည်ပင်လျှင် ၁၉၇၉ မှစပြီး နှစ် ၃ဝ အတွင်း ၈ ရာခိုင်နှုန်းပဲတက်ပါတယ်။ တိုးတက်မှုကို တရုတ်ပြည်က သက်သေပြနိုင်သော်လည်း မြန်မာနိုင်ငံတွင် တိုးတက်မှုက သက်ပြေပြရန်မရှိဖြစ်နေပါတယ်။

လာအိုဟာ ကုန်းတွင်းပိတ်နိုင်ငံ၊ လူဦးရေက ၅ သန်းလောက်ပဲရှိပါတယ်။ ယခုအချိန် စီးပွားရေးဖွင့်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေကို မှီပြီးတော့ တက်လာပါတယ်။ လာအိုရဲ့ တစ်ဦးကျဝင်ငွေ (Per Capita Income) ဟာ မြန်မာနိုင်ငံထက်များကြောင်း အာဆီယံနဲ့ ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်မှာ တွေ့နိုင်ပါတယ်။

ဒီနေရာမှာ အနီးအနားက Sanction ထိဖူးတာခြင်းတူတဲ့ ဗီယက်နမ်ကို လေ့လာကြည့်လျှင် - ဗီယက်နမ်မှာ ၁၉၈၉ မှာတုန်းက အမေရိကန် Sanction ရှိပါတယ်။ ၁၉၉၄ မှာတော့ Sanction ကလွတ်ပါတယ်။ မြန်မာနိုင်ငံမှာက အဲဒီကာလမှာ Sanction မရှိပါဘူး။ ဒါပေမယ့် ဗီယက်နမ်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အဲဒီကာလမှာ မြန်မာနိုင်ငံထက် ၄.၇ ဆများပါတယ်။ ၁၉၉၄ နောက်ပိုင်း Sanction လွတ်သွားတဲ့ ဗီယက်နမ်က Liberalization ဖြစ်လာပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၈၇ လောက်ကစပြီး စီးပွားရေးလွတ်လပ်မှုရှိလာသော်လည်း ၁၉၉၉ မှာ မတည်ငြိမ်တဲ့ Rules and Regulations တွေ Self-restrictions တွေကြောင့် ပြန်ကျသွားပါတယ်။ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား ကတော့ ပုံမှန်တိုးတက်လာပါတယ်။

နိုင်ငံခြား Sanction ဟာ မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိလဲဆိုတာ ဆွေးနွေးတိုင်း အငြင်းပွားလေ့ရှိတဲ့ အကြောင်းအရာတစ်ခုပါ။ မြန်မာနိုင်ငံကို ၁၉၉၇ မှာ Sanction ရောက်ပါတယ်။
တချို့ကလည်း Sanction က အောက်ခြေလူတန်းစားကို အထိဆုံးဖြစ်တယ်။ တချို့ကလည်း Sanction ကမရှိတာထက်စာရင် ရှိတာ အစိုးရကို အနည်းကျဉ်း ထိခိုက်တယ် တချို့ကလည်း အစိုးရကတော့ ဘယ် Sanction ပဲဖြစ်ဖြစ် မာမာကတော့ မာမာပဲ ဘာမှမထူးဘူး စသည်ဖြင့် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တကယ်တမ်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် (စစ်အစိုးရလုပ်ငန်းရှင်များကို မဆိုလိုပါ) စီးပွားရေးလွတ်လပ်ခွင့် မရှိလှပါဘူး။ နောက်တစ်ချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုလည်း တံခါးသာဖွင့်ပေးလိုက်ပါတယ် တည်ငြိမ်မှုမရှိတဲ့ လုပ်ထုံးဥပဒေများကြောင့် အလုပ်မဖြစ်ပါဘူး။ (ရှမ်းအက ကနေသလိုပါပဲ ရှေ့တစ်လှမ်း နောက်နှစ်လှမ်း လှမ်းနေပါတယ်)။ အဓိကကတော့ Trade Sector မှာပါ။ ဒီလိုဆိုတော့ External Sanction ရှိလို့ ထိခိုက်တာ မထိခိုက်တာတစ်ပိုင်း Internal Sanction (self-impose sanction) မိမိစီးပွားရေးကို မိမိဘာသာ ကန့်သတ်ချုပ်ချယ်မှုကြောင့် စီးပွားရေးလှုံ့ဆော်မှု အားနည်းသည်ကတော့ မငြင်းနိုင်ပါ။

သုံးသပ်ကြည့်လျှင် အတွင်း Sanction အပြင် Sanction များကြောင့် အစိုးရနာသည်မထင်။ စီးပွားရေး ဘူဇွာကြီးများ ထိသည်ထားဦးတော့ ဆင်ပိန်ကျွဲမျှသာ။ တိုင်းပြည်စီးပွားရေး မကောင်းသည့်အတွက် အောက်ခြေကို တစ်ရစ်ရစ်ထိုးဆင်းတယ်ဆိုတော့ အလုပ်အကိုင်မဲ့တာတွေ စားသောက်စားရိတ်တက်လာတာတွေကြောင့် တောင်းရမ်းစားသောက်သူတွေများလာမယ်။ အောက်ခြေလူထု ပို၍အထိနာမယ်လို့ ယူဆပါတယ်။

အစိုးရ ဘတ်ဂျက်သုံးငွေ စာရင်း

အင်္ဂလိပ်ခေတ်မှသည် ဆိုရှယ်လစ်ခေတ်အထိ အစိုးရဘတ်ဂျက်သုံးငွေစာရင်းကို နှစ်တစ်နှစ်ရဲ့ မတ်လ ၃ဝ ရက်နေ့မှာ ဖော်ပြပါတယ်။ ၁၉၉၇ နောက်ပိုင်းမှစ၍ ထိုစာရင်းကို မဖော်ပြတော့ပါ။ အစိုးရသုံးငွေဆိုတာ ပြည်သူအတွက် ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် အသုံးစားရိတ်များကို ဖော်ပြခြင်းဖြစ်ပါတယ်။ ၁၉၉၇ စာရင်းအရ စစ်အသုံးစားရိတ်ဟာ ဘတ်ဂျက်စုစုပေါင်းရဲ့ ၂၉ - ၃ဝ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မြန်မာပြည် စီးပွားရေးပညာရှင်များညွှန်ပြသည်မှာ စစ်အသုံးစားရိတ်တွက်လျှင် တွက်ပုံတွက်နည်း ၂ မျိုး Hardware နှင့် Software ဆို ရှိပါတယ်။ Hardware သုံးငွေဟာ နိုင်ငံခြားမှ လက်နက်၊ ခဲယမ်း ဝယ်သည်ကို ဆိုလိုသည်ဖြစ်ပြီး Software ကတော့ စစ်တပ်ဝန်ထမ်းများအား လစာပေးမှု၊ ပြည်တွင်းထုတ် စစ်အကျီ င်္၊ အသုံးအဆောင် ပစ္စည်းများ စသည်ကို ဆိုလိုပါသည်။ ဤအခြေအနေတွင် ပညာရှင်အများစုက နိုင်ငံခြားမှ ဝယ်ယူသည့် Hardware သုံးငွေအား မြန်မာအစိုးရ၏ တရားဝင်ငွေလဲနှုန်း တစ်ဒေါ်လာ ၆ ကျပ်နှင့် တွက်သည်ဟု ယူဆပါသည်။ ၁၉၉၇ တွင် UNDP ၏ ထုတ်ပြန်ချက်အရမှာ အစိုးရ၏ စစ်အသုံးစားရိတ်သည် လူမှုရေး၊ ကျန်းမာရေး အသုံးစားရိတ်ထက် ၂၂၂ ရာခိုင်နှုန်းမြင့်တယ်လို့ ဖော်ပြထားပါတယ်။

Monday 8 December 2008

ဒါသဘာဝပါလေ....

တစ်ယောက်ထဲ အထီးကျန်ခဲ့တုန်းက ချစ်သူယောက်ျားကိုလိုအပ်ခဲ့ဖူးတယ်။
ဒါသဘာဝပါလေ.....

ညတွေဟာ ကြယ်ကင်းမဲ့ တိတ်ဆိတ် အေးခဲနေတယ်။ ထွေးပွေ့ထားမယ့် တစ်ယောက်ယောက်ကို မျှော်လင့်ခဲ့ဖူးတယ်။
ဒါသဘာဝပါလေ....

ကစားစရာလေးတွေကို ဆော့လို့အားရပြီးရင် လွှင့်ပစ်လိုက်တယ်။
ဒါသဘာဝပါလေ....

ငါ့လိုမိန်းမမျိုးကို ချစ်ဖို့ကြိုးစားရတာ ငှက်ပျောသီးအခွံနွှာတာလောက် မခက်ခဲ။ မြန်ဆန်တယ်။
ဒါသဘာဝပါလေ....

ဒါပေမယ့်.... ဒါတွေဟာ ဘာကြောင့် ငါဖြစ်ခဲ့ရမှာလဲ။

တစ်ယောက်ထဲ အားငယ် အကူအကယ်မဲ့တုန်းက နှစ်ယောက်အတူရှိရမှာ။ နည်းနည်းလောက် ချစ်တင်းနှီးနှောရုံလောက်ပါ။
ဒါတွေ ဘာကြောင့်ဆိုတာ ..... .... သိမယ်လို့ အမြဲတွေးခဲ့ဖူးတယ်။

အခု... ကြင်နာမှု ဂရုစိုက်မှုလေးတွေ စတင်ခံစားနေရရင်တောင်....

ဒါပေမယ့်.... အချစ်ရေ.... ကိုယ့်ကိုမေ့လိုက်တာ ပိုကောင်းတယ်ဆိုတာ
ယုံကြည်လိုက်ပါ။

Saturday 6 December 2008

Sufficiency Economy

၁၉၉၇ ခုနှစ်မှာတုန်းက အာရှနိုင်ငံများမှာ ငွေကြေးဆိုင်ရာ စီးပွားရေး အကြပ်အတည်းကြုံခဲ့ရပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foreign Direct Investment (FDI) အပေါ်အမှီပြုမှု၊ နည်းပညာတိုးတက် ပြောင်းလဲမှု၊ ဂလိုဘယ်လိုင်ဇေးရှင်း စိန်ခေါ်မှု စသည်များရဲ့ဒဏ်ကို ထိုင်းပြည်သူများအတော်လေးခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေဆွဲတဲ့အခါ National Economic and Social Development Board (NESDB) နိုင်ငံတော် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့က ဆွဲပါတယ်။ ထိုင်းပြည်သူပြည်သားများ စီးပွားရေးအကြပ်အတည်းမှ နလံထူဖို့ ဘယ်လိုစီမံကိန်းတွေ မူဝါဒတွေချမှတ်မလဲဆိုတာ အရေးကြီးလာပါပြီ။ ထိုင်းဘုရင်ကြီးရဲ့ Sufficiency Economy (တစ်နိုင်စီးပွားရေး) ကို အစီအစဉ်ဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို အောက်ခြေအထိ လုပ်ဆောင်မည်ကို မူဝါဒချမှတ်သည့်ထဲမှာ ထည့်ဆွဲခဲ့ပါတယ်။

Sufficiency Economy (တစ်နိုင်စီးပွားရေး) ဆိုတာ အလွယ်ကတော့ ကိုယ့်မိသားစုအတွင်း ဖူလုံအောင်အရင်လုပ်၊ ဒုတိယက ဒေသဆိုင်ရာ လူ့အဖွဲ့အစည်း နောက်မှ ထွက်ကုန်တွေကို တင်ပို့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မူဝါဒတွေချမှတ်ရင် အစိုးရအသိုင်းအဝိုင်းက ပို့ကုန်ဦးစားပေးပြီး အောက်ခြေမှာတော့ တစ်နိုင်စီးပွားရေးကို ကျင့်သုံးရမယ်ဆိုတာ ဘုရင်ကချမှတ်ပါတယ်။ တစ်နိုင်စီးပွားရေးက ပို့ကုန်တင်ပို့ရန်အတွက် ပထမအဆင့်နဲ့ ဒုတိယအဆင့်ဖြစ်တဲ့ မိသားစု ဖူလုံရေး၊ ဒေသဆိုင်ရာ ဖူလုံရေးကို အရင်ဖြတ်သန်းပြီးမှ ပို့ကုန်အတွက် စဉ်းစားမယ်ဆိုတဲ့ ယူဆချက်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၁ နှစ် အခြေခံဥပဒေအရ အောက်ခြေအဆင့်မှာ အစိုးရအဖွဲ့အစည်းတွေ ဖွဲ့ခွင့်ရှိပါတယ်။ အဲဒီအဖွဲ့တွေက ဒေသတိုးတက်ရေးကို လုပ်ကြပါတယ်။ လူငယ်တွေလည်းပါဝင်ကြပါတယ်။ နောက်ပိုင်းမှာတော့ မိမိတို့လိုအပ်ချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်သွယ်လုပ်ဆောင်လာကြပါတယ်။ ကိုယ့်ရပ်ရွာအတွက် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ လူတွေယုံကြည်လာကြပါတယ်။

ဒီနေရာမှာ အချို့သော ပရော်ဖက်ဆာများက မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ပြီး မြန်မာနိုင်ငံက ဒီအတိုင်းဆို ထိုင်းထက်တောင်ရှေ့ရောက်နေတယ်လို့ ဆိုကြပါတယ်။ ဆိုလိုသည်က ယခု ထိုင်းက နောက်ကြောင်းပြန်လှည့်နေသည်။ Modernization မှ Localization ဘက်သို့ပြန်လည် ဦးတည်နေသည်။ ပြောင်းပြန် ပြန်လှည့်လိုက်ရင် မြန်မာက ရှေ့ကပေါ့။ ဒါဆို မြန်မာနိုင်ငံမှာကော Sufficiency Economy ကိုကျင့်သုံးရင် မကောင်းဘူးလား မေးကြပါတယ်။

သုံးသပ်ချက်ကို နောက် ဘလော့မှာ ဆက်လက်ဖော်ပြပါမည်။

မွေးနေ့ဆုတောင်း

ယနေ့ ဒီဇင်ဘာ ၅ ရက်ဟာ ထိုင်းဘုရင်ကြီး ဘူမိဘော (King Bhumibol Adulyadej, Rama IX) ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ပါ။ လောလောဆယ် ထိုင်းဘုရင်ကြီးအရိပ်ကို ခိုလှုံနေသူတစ်ယောက်အနေနဲ့ ထိုင်းဘုရင်ကြီးမွေးနေ့မှာ ဘုရင်ကြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။
ချက်ကရီမင်းဆက် ဘူမိဘောဘုရင်ကြီးကို ၁၉၂၇ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ခမည်းတော် မင်းသားကြီး မဟီဒေါ (H.R.H. Prince Mahidol) နဲ့ မိဖုရား စံဝါလျာ (Sangwalya) မှ ဖွားပါတယ်။
ဘုရင်စံနစ်ကျင့်သုံးဆဲ ကမ္ဘာ့နိုင်ငံများအနက် ထိုင်းနိုင်ငံဟာ ဘုရင်အပေါ် အလေးအမြတ်အထားဆုံး နိုင်ငံဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ထိုင်းမှာရှိတဲ့ မြန်မာများကလည်း ဘုရင်ကြီးမွေးနေ့အထိမ်းအမှတ်အနေနဲ့ သွေးလှူကြပါတယ်။

Wednesday 3 December 2008

Rock the boat



"ကိုယ်တို့နှစ်ယောက်အချစ်ဟာ သမုဒ္ဒရာကြီးထဲမှာ ရွက်လွှင့်နေတဲ့ လှေလေးလိုပါပဲ။ လှေကလေးမှာ
အချစ်၊ သံယောဇဉ် ဆိုတဲ့ ကုန်တွေအပြည့်တင်လာပါတယ်။

အချစ်လှေကလေးကို စတင်ရွက်လွှင့်ချိန်မှစ အချစ်အထိအတွေ့လေးတွေက အပြေးလေးတိုက်လာတဲ့လေလိုပါပဲ ကိုယ့်ရင်ထဲအေးပြီး လှုပ်ခါစေပါတယ်။

အချစ်ရဲ့ ခွန်အားပြည့်လက်မောင်းလေးတွေက လိမ့်လူးနေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ကိုယ့်ကိုလုံခြုံစေပါတယ်။
ဒို့နှစ်ယောက်ဟာ အမြဲတမ်း ငြိမ်းချမ်းတဲ့ ဆိပ်ကမ်းကို ကပ်ကြပါတယ်။

အခုအချိန်ထိတော့ မုန်တိုင်းတွေကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီးပါပြီ။ အချစ်ရဲ့ ချစ်စရာနှုတ်ခမ်းလေးတွေက ကိုယ့်ကိုနွေးထွေးစေပါတယ်။ အချစ်ဆီက ခွန်အားဖြစ်စေတဲ့ ဒီလိုအချစ်လေးတွေကို ကိုယ်လိုအပ်ပါတယ်။ ကိုယ့်ကိုတော့ ရေထဲမြောမချလိုက်ပါနဲ့ကွယ်။"

ဗီးနပ်စ်၊ ဂျူပီတာ နှင့် လ တို့ပေါင်းလိုက်သော အပြုံး


ဓါတ်ပုံ။ Bangkok Post

ထိုင်းနိုင်ငံမှာ ပြည်တွင်းနိုင်ငံရေး ရှုပ်ယှက်ခတ်နေသည့်ကြားက ဒီဇင်ဘာ ၁ ရက်နေ့ည ၈ နာရီလောက် ကောင်းကင်မှာ လပြုံးနေတယ်ဆို အတော်လေး ရိုက်ခတ်သွားပါတယ်။

လ၊ ဂျူပီတာ နဲ့ ဗီးနပ်စ် တို့ဟာ မိုင်ပေါင်းများစွာဝေးကွာနေပေမယ့် ထိုညက ကောင်းကင်ကကြည့်လိုက်ရင် နီးနီးလေး ထင်ရသရောင်။

ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာတည်ရှိသည့် နေစကြဝဋ္ဌာ။


ဓါတ်ပုံ။ http://rocksfromspace.open.ac.uk/the_solar_system.htm

နေ ကနေ စရေတွက်ရင် ဗီးနပ်စ်က ဒုတိယမြောက်ဂြိုလ်ပါ။ ကမ္ဘာနဲ့ အရွယ်အစားမကွာလှပါဘူး။ ငါးခုမြောက် ဂျူပီတာကတော့ အကြီးဆုံးဂြိုလ်ပါ။ အရောင်ကလည်း အတော်လှပါတယ်။ (ဘီဘီစီကရိုက်ထားတဲ့ documentary အရ။ ထိုဗွီစီဒီခွေများကို ပန်းဆိုးတန်း ဂျေဒိုးနတ်နားက ဆိုင်လေးတွေမှာ ဈေးသက်သာစွာရပါတယ်။)

နက္ခတ်ပညာရှင်တစ်ယောက်က ပြောပြဖူးပါတယ်။ အနောက်နိုင်ငံ နက္ခတ်တာရာကြည့် ဗေဒင်ပညာမှာ ပလူတိုကို ဂြိုလ်အဖြစ်ထည့်မတွက်တော့ပါဘူး။ ဒါပေမယ့် အရှေ့တိုင်းမှာတော့ ထည့်တွက်ဆဲပါ။ ထည့်တွက်တဲ့နည်းက မှန်တယ်လို့ ဆိုပါတယ်။

ရှေးခေတ် ရောမ မှာကတော့ ဗီးနပ်စ်ဆိုတာ အချစ်နတ်ဘုရားမဖြစ်ပြီး ဂျူပီတာကတော့ နတ်ဘုရားများအားလုံးရဲ့ ဘုရင်ကြီးပါ။ ဂြိုလ်တွေပေါ်မူတည်ပြီး နတ်ဘုရားတွေ သတ်မှတ်ခဲ့သလား နတ်ဘုရားတွေ သတ်မှတ်ခဲ့ပြီးမှ ဂြိုလ်တွေကို နာမည်ပေးသလား စဉ်းစားဖူးပါတယ်။

ဂြိုလ်တွေနဲ့ သူတို့ရဲ့ ဂြိုလ်ရံလတွေကို အမည်ပေးတာ International Astronomical Union (IAU) ကပါ။ ထိုအဖွဲ့ကို ၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက နက္ခတ်ပညာရှင်များ ဖြစ်ပါတယ်။ ကမ္ဘာကလွဲရင် ဂြိုလ်များကို အမည်ပေးရာမှာ ရှေးခေတ် ရောမ၊ ဂရိ နတ်ဘုရားများရဲ့ ဝိသေသလက္ခဏာပေါ် မူတည်ပြီးပေးခဲ့ပါတယ်။

Monday 1 December 2008

Je m'applle Helene


Picture: www.vitalygeyman.com

ထိုင်းနိုင်ငံမှ One Tambon One Product (OTOP)

ထိုင်းလို Tambon ဆိုတာ မြန်မာနိုင်ငံအနေနဲ့ဆို ခရိုင်အောက်မှာရှိတဲ့ ကျေးရွာအပိုင်း၊ ကျေးရွာစု နဲ့ တူပါတယ်။ One Tambon One Product အတိုကောက်အားဖြင့် အိုတော့ပ် (OTOP) ဆိုတာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် Mr. Thaksin Shinawatra လက်ထက်က ကျေးရွာလူထုမှာ ဒေသခံ စွန့်ထွင်ဦးစီးလုပ်သူများကို မြေတောင်မြှောက်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါတယ်။


Friday 28 November 2008

Cartoons

Little Hiawatha



Lambert The Sheepish Lion



The Ugly Duckling



The Wise Little Hen



The Little House

Thursday 27 November 2008

Cats in the cradle




ဒီသီချင်းလေးကတော့ သားအဖတွေအကြောင်း ပြောပြတဲ့ သီချင်လေးပါ။ နားထောင်ရင်း ခံစားရပါတယ်။
ဖခင်ကြီးက အလွန်မှပင် အလုပ်များပြီး သားလေး အတူဆော့ဖို့တောင်းဆိုတိုင်း နေ့ရွှေ့ညရွှေ့ ငြင်းပယ်လေ့ရှိပါတယ်။
အဖေဆိုတာ သားတွေအတွက်တော့ စံနမူနာမဟုတ်လား။ သားလေးပြောလေ့ရှိတာ “သားလည်းတစ်နေ့အဖေ့လိုပဲ” တဲ့။
ဖခင်ကြီး အိုမင်းလာတဲ့အချိန်မှာတော့ သားလေးက ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်မိသားစုနဲ့ အလုပ်များနေပါပြီ။ ဖခင်ကြီးက သားလေးကို လွမ်းလာလို့ တွေ့ချင်တဲ့အကြောင်းပြောတော့ သားလေးရဲ့တုံ့ပြန်မှုက “အချိန်ရရင် တွေ့ချင်ပါတယ် အဖေရယ် ဒါပေမယ့် အလုပ်ကလည်းများ၊ ကျွန်တော့ သားလေးကလည်းဖျားနေတယ်ဆိုတော့ နောက်မှပေါ့ အဖေ”။
“သြော် ငါ့သားက ငါ့လိုပါပဲလား။”
အကျယ်တဝင့်သိလိုလျှင် အောက်ပါသီချင်းစာသားရှုပါ။

ဒီနေရာမှာ မိခင်တစ်ယောက်ကဏ္ဍအနေနဲ့ စဉ်းစားမိတာက သားအဖကြား စေ့ဆော်ရေးပါပဲ။ ကလေးအဖေက ကလေးအတွက် အချိန်မပေးနိုင်လောက်အောင် အလုပ်များပြားနေသော်ငြား သတိပေးဖြောင်းဖြပေးရပါမယ်။
အိမ်ထောင်မပြုမီ အိမ်ထောင်ပြုချင်လို့ ကလေးမွေးတာလား။ ကလေးလိုချင်လို့ အိမ်ထောင်ပြုတာလား။ သေချာ စဉ်းစားရပါမယ်။

ကလေးလိုချင်လို့ အိမ်ထောင်ပြုတယ်ဆိုရင်တော့ ကလေးကိုဘယ်လိုပြုစုမလဲ။ ဘယ်လို မိသားစုဘဝပုံစံ ပေးမလဲ။ ဘယ်လိုအိမ်ထောင်ဘက်မျိုးကို ရွေးရင် ကလေးအတွက် အကောင်းဆုံးဖြစ်မလဲ။ ဒါတွေစဉ်းစားရပါတော့တယ်။

အချို့ယူဆကြသည်မှာ “သားကောင်းက လင်ကောင်းမဖြစ်နိုင်ဘူး”တဲ့။

အမှန်တော့ အမေကိုချစ်တဲ့သားက ဇနီးသားမယားကို ချစ်တတ်ပါတယ်။ မိဘတွေအပေါ် ချစ်ခင် တန်ဘိုးထားတတ်သူက ကိုယ့်သားသမီးကိုလည်း ပိုကြင်နာတတ်ပါတယ်။ ကိုယ့်မောင်နှမသားချင်းကို ခင်တွယ်တတ်သူက သူ့ကိုယ်ပိုင်မိသားစုထဲမှာလည်း သာယာအောင်စွမ်းဆောင်နိုင်ပါတယ်။ ဒါတွေက မိခင်ကြီးဆုံးမဖူးတဲ့စကားတွေပါ။ အိမ်ထောင်ပြုဖို့အတွက် အချက်အလက်တွေ စုဆောင်းရင်တော့ ဝေးဝေးသွားစုဆောင်းစရာမလိုပါဘူး။ သမီးတစ်ယောက်အတွက် ကိုယ့်အမေဆီက သင်ယူတာအကောင်းဆုံးပါပဲ။ နောက် ကိုယ့် ပတ်ဝန်းကျင်၊ ကိုယ့်ဆွေမျိုးသားချင်းတွေရဲ့ မိသားစုဘဝတွေကို လေ့လာလို့ရပါတယ်။ (ကိုယ်ပိုင်အတွေးအမြင်တွေသာ ရေးထားတာဖြစ်ကြောင်း။)


Cats in the cradle

My child arrived just the other day
He came to the world in the usual way
But there were planes to catch and bills to pay
He learned to walk while I was away
And he was talkin' 'fore I knew it, and as he grew
He'd say "I'm gonna be like you dad
You know I'm gonna be like you"

And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home dad?
I don't know when, but we'll get together then son
You know we'll have a good time then

My son turned ten just the other day
He said, "Thanks for the ball, Dad, come on let's play
Can you teach me to throw", I said "Not today
I got a lot to do", he said, "That's ok"
And he walked away but his smile never dimmed
And said, "I'm gonna be like him, yeah
You know I'm gonna be like him"

And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home son?
I don't know when, but we'll get together then son
You know we'll have a good time then

Well, he came home from college just the other day
So much like a man I just had to say
"Son, I'm proud of you, can you sit for a while?"
He shook his head and said with a smile
"What I'd really like, Dad, is to borrow the car keys
See you later, can I have them please?"

And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home son?
I don't know when, but we'll get together then son
You know we'll have a good time then

I've long since retired, my son's moved away
I called him up just the other day
I said, "I'd like to see you if you don't mind"
He said, "I'd love to, Dad, if I can find the time
You see my new job's a hassle and kids have the flu
But it's sure nice talking to you, Dad
It's been sure nice talking to you"

And as I hung up the phone it occurred to me
He'd grown up just like me
My boy was just like me

And the cat's in the cradle and the silver spoon
Little boy blue and the man on the moon
When you comin' home son?
I don't know when, but we'll get together then son
You know we'll have a good time then


ပေါက်ပန်းစေ့

သူခေါ်တာမကြားပါ။ နားကြပ်တပ်ထားသောကြောင့်။
သူစာမလုပ်ပါ။ သို့သော် ကီးဘုတ်ကို တဖတ်ဖတ်ရိုက်နေသည်။
သူပြုံးစိစိဖြစ်နေပါသည်။ ကောင်မလေးများနှင့် ကျူနေသောကြောင့်။
သူကျမ ကော်ဖီခွက်ကို ကြည့်နေပါသည်။ ဗိုက်ဆာသောကြောင့်။
ကျမ မပေးနိုင်ပါ။ တစ်ခွက်ထဲရှိသောကြောင့်။
ရေဗူးထဲကရေက ၄ ဘတ်မှ ၂ ဘတ်အထိ ဈေးကျသွားပါသည်။ အမေရိကန်မှာ စီးပွားရေးမကောင်းသောကြောင့်။
အောက်ထပ်မှာ ဆူညံနေသည်။ စာအုပ်ဈေးရောင်းပွဲတော် လုပ်နေသောကြောင့်။
အအေးဒဏ်ခံနိုင်နေသည်။ စောင်ယူလာသောကြောင့်။
ကိုယ်တိုင်လုပ် ဦးထုပ်ကလေးဆောင်းထားသည်။ နှာမစေးတော့ပါ။
ဘေးက ဖတ်စရာစာအုပ်က အတော်ထူသည်။ သို့သော် ပြီးအောင်ဖတ်ရဦးမည်။
ထိုင်းမတွေ အသားဖြူသည်။ သို့သော် အကြည့်မခံလှပါ။
ကျမတို့ မြန်မာမတွေ အများစုညိုကြသည်။ သို့သော် အင်မတန် ဆွဲဆောင်မှုကောင်းသည်။
အိမ်ကအမေမျှော်နေသောကြောင့် ပြန်ချင်လှသည်။ ဒါပေမယ့် ဆရာ့ခွင့်ပြုချက် မကျသေး။
ကလေးငယ် အမေ့ခြေမကို ကုန်းကိုက်သည်။ သွားယားသောကြောင့်။
ဝလစ်စလစ် ဝက်မတစ်ကောင် ဝယ်ထားသည်။ တူလေးဆော့ဖို့။
ယနေ့နေလို့ကောင်းနေသည်။ တရုတ်ဆေးအစွမ်းကြောင့်။
မြန်မာခရီးသည်များ သုဝဏ္ဏဘုမ္မိလေဆိပ်တွင် ပိတ်မိနေသည်။ ပီအေဒီ ဆန္ဒပြသူများကြောင့်။
ထမင်းထွက်စားတော့မည်။ ဗိုက်ဆာသောကြောင့်။

Luem bai reu blao (my most favourite Thai song)



ter ker-ee bork waa chawp gun lae ter mee het pon prow chun mai muean krai
You’ve told me that you like me, for the reason that I’m different from the others.

ter gor ker-ee bra tup jai nai kwarm mai sum krai tee chun ben baep chun
You’ve also stressed on the fact that I’m just what I’m.

ter glub maa mai chawp jai bork gun nai wun nee hai chun tam dtua mai
Now you’re unhappy over it instead, and you tell me today that I should change myself.

ter hai chun tam muean krai tee ter bra tup jai hai muean ter dtong gaan
You want me to be like her whom you have a high opinion of.

ter leum bai reu blao ruk chun prow a-rai

Have you forgotten …. why do you love me?

leum bai reu blao chawp chun tee dtrong nai
Have you forgotten …. what do you like about me?

yaak hai ter top tuan wun nee chun kuan blian prow a_rai
I would like you to think it over, Why should I change myself today?

prow chun mai ker-ee blian piang prow waa jai ter mai muean derm
Because I’ve never changed, It’s just that you’re no longer what you used to be.

chun gor ben yaang tee ben gor ben maa naan laew ter eng gor roo dee
I’m still the same over such a long period, and you know that fairly well.

tam yang derm maa took tee glai ben doo mai dee mai roo prow a-rai
I’ve been behaving in the usual way every time, now I become not good enough for you. I don’t know why.

ter glub maa mai chawp jai bork gun nai wun nee hai chun tam dtua mai
Now you’re unhappy over it instead, and you tell me today that I should change myself.

ter hai chun tam muean krai tee ter bra tup jai hai muean ter dtong gaan

You want me to be like her whom you have a high opinion of.

ter leum bai reu blao ruk chun prow a-rai

Have you forgotten …. why do you love me?

leum bai reu blao chawp chun tee dtrong nai
Have you forgotten …. what do you like about me?

yaak hai ter top tuan wun nee chun kuan blian prow a_rai
I would like you to think it over, Why should I change myself today?

prow chun mai ker-ee blian piang prow waa jai ter mai muean derm
Because I’ve never changed, It’s just that you’re no longer what you used to be.

(Interlude)
ter leum bai reu blao ruk chun prow a-rai
Have you forgotten …. why do you love me?

leum bai reu blao chawp chun tee dtrong nai
Have you forgotten …. what do you like about me?

yaak hai ter top tuan wun nee chun kuan blian prow a_rai
I would like you to think it over, Why should I change myself today?

prow chun mai ker-ee blian piang prow waa jai ter mai muean derm
Because I’ve never changed, It’s just that you’re no longer what you used to be.

Wednesday 26 November 2008

You can't say, you don't love me anymore.....



Picture: http://www.weathersnob.com/archives/cat_global_warming.php

“အဟောင်းတွေပြီးဆုံးသွားပြီ” လို့ မင်းပြောနိုင်တယ်
ဟန်ဆောင်ပြီး မင်းပြုံးပြနိုင်တယ်
အလွယ်တကူ မင်းငါ့ကို ကျောခိုင်းလျှောက်နိုင်တယ်
ဒါပေမယ့်… … … ငါ့ကိုမချစ်တော့ဘူးလို့ နည်းနည်းလေးမျှ မပြောပါနဲ့။

အတိတ်မှာဖြစ်ခဲ့သင့်တဲ့အရာတွေ (ငါ့ကိုမချစ်ခဲ့သင့်ဘူးလို့) မင်းအိပ်မက်ပြန်မက်နိုင်တယ်
ငါ့ကိုချစ်ခဲ့တာ မင်းပြန်လည် ဝမ်းနည်းတသနိုင်တယ်
“ခွဲသွားမယ့်အကြောင်းအရာတွေ ငါ့မှာရှိနေပြီ” လို့ မင်းပြောနိုင်တယ်
ဒါပေမယ့်… … … ငါ့ကိုမချစ်တော့ဘူးလို့ နည်းနည်းလေးမျှ မပြောပါနဲ့။

“ငါမှန်တယ် မင်းမှားတယ်” လို့ မင်းပြောနိုင်ပါတယ်
မင်းတခြားတစ်ယောက်ကို ရှာဖွေဖို့ အစီအစဉ်တွေချနိုင်ပါတယ်
ဒါပေမယ့်… … မင်းအဆင်ပြေလိမ့်မယ်လို့ မထင်ပါဘူး
ငါတို့နှစ်ယောက်လုံး ဘာပြောသင့်လဲဆိုတာ ငါတို့သိကြပါတယ်
ဒါပေမယ့်… … … “ကိုယ်တို့လမ်းခွဲကြမယ်” ဆိုတဲ့ စကားလုံးအပြင် မင်းဟာတခြားစကားလုံးကို မရွေးချယ်တော့ဘူး။

“အတိတ်ကဖြစ်ရပ်တွေ အားလုံးပြီးဆုံးရမယ်” လို့ မင်းပြောတယ်
“နှစ်ယောက်စလုံးကောင်းဖို့အတွက် လမ်းခွဲကြမယ်” လို့ မင်းပြောနိုင်ပါတယ်
ဒါပေမယ့်… … … ငါ့ကိုနည်းနည်းလေးမျှ မချစ်တော့ဘူးလို့ မပြောပါနဲ့နော်။

Tuesday 25 November 2008

Red Red Wine






အခုနေများ Red Wine လေးနဲ့ မေမြို့ကစတော်ဘယ်ရီသီးလေးတွေ စားလိုက်ရရင်ဖြင့်.... တစ်နေ့တာ ဦးဏှောက်ပူတာတွေ ပျောက်သွားနိုင်ကောင်းရဲ့...

Pictures: http://en.wikipedia.org/wiki/Wine
http://stefanie-and-richwilliams.smugmug.com/photos/161431727-S.jpg

ဘဝအစီအစဉ်ဇယား

“ငါ ဘာဖြစ်ချင်လဲ… ဘာလုပ်မလဲ”
ဘဝအစီအစဉ်ဇယား (life plan) ဆွဲကြည့်မယ်။
ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါ။ ကိုယ်ဘာလုပ်မလဲဆိုတာကို အချိန်ကာလဆိုတဲ့ ဘောင်ထဲကို ထည့်ပြီးဆွဲကြည့်တာပါ။ စဆွဲတော့ ၂ဝဝ၄။ ဒါပေမယ့် အဲဒီတုန်းကတော့ ခဏခဏပြင်သည်။ (Excel ထဲ ဆွဲထားတော့ အလွယ်တကူ ပြင်နိုင်သည်ကော) အချိန်အကွက်ကလေးတွေ ဟိုရွှေ့ဒီပြောင်း။
Time frame … ဘောင်ခတ်ထားသောအချိန်… ကိစ္စတစ်ခုပြီးမြောက်ဖို့ သတ်မှတ်ထားသောကာလ ဆိုတာ ဘဝမှာ အရေးအကြီးဆုံးပါ။
ဒါပေမယ့် ဘဝအတွက် ကြီးမားတဲ့ စီမံချက်တွေအတွက်တော့ ၂ဝဝ၆ အစပိုင်းလောက်ကစပြီး ကောင်းကောင်းဆွဲဖြစ်ပါတော့တယ်။ ဒီမှာတော့ အစီအစဉ်ကို အသေမထားပါဘူး။ အရှင်ထားထားပါတယ်။ ရည်မှန်းချက်ကိုလည်း တစ်ခုမဖြစ်နိုင်ရင် အနီးစပ်ဆုံးဖြစ်နိုင်မယ့်တစ်ခုကို အသင့်ပြင်ထားပါတယ်။ အမြဲနှစ်ခွတွေးပါတယ်။ (လုပ်ချင်တာ ဖြစ်ချင်တာတွေ အများကြီးလျှောက်ထားရင်တော့ လမ်းပျောက်ပါမယ်။) ဒီတစ်ခါမှာတော့ အချိန်ကို အတတ်နိုင်ဆုံး လုံးဝမပြောင်းတော့ပါဘူး။
ဆွဲထားတဲ့အထဲမှာ အဓိက သုံးချက် ပါဝင်ပါတယ်…
Career development (အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှု)
Academic development (ပညာရေး ဖွံ့ဖြိုးမှု)
Personal development (ကိုယ်ပိုင်ဘဝ ဖွံ့ဖြိုးမှု) တို့ပါပဲ။

အခုလိုဆွဲထားလိုက်တော့ ယခုလက်ရှိ ၂ဝဝ၈ မှာ ပြီးခဲ့တဲ့အတိတ်ကို ပြန်ကြည့်ရင် ကိုယ့်ရည်မှန်းချက် ဘယ်လောက်အတိုင်းအတာထိ ပြည့်မှီပြီလဲ… ဘယ်လို အခွင့်အလမ်းသစ်တွေ ဘဝအတွက် ထပ်ရခဲ့လဲ… ဘာတွေကော ဆုံးရှုံးသွားခဲ့လဲ… ပြန်ကြည့်နိုင်ပါတယ်။
အဲဒီလိုကြည့်လိုက်တော့… … …
အသက်မွေးဝမ်းကြောင်းအတွက်တော့ အခွင့်အလမ်းသစ်တွေ ရလာတာကိုတွေ့ရပါတယ်။ ပညာရေးတော့ ကျောင်းက တွက်ထားတဲ့အချိန်ဘောင်ထဲမှာ မပြီးသေး။ ကိုယ်ပိုင်ဘဝအတွက်လည်း မအောင်မြင်သေးပါဘူး။ ဆန်းစစ်ကြည့်လျှင် ကိုယ်ပိုင်ဘဝက ပညာရေးပေါ်မှီခိုနေရပါတယ်။ (Academic development is a function of personal development) Personal Dev. = f (Academic Dev.)
အခုလို ဘဝအစီအစဉ်ဇယားကြီးဆွဲတဲ့နေရာမှာ ဗေဒင်ဆရာဟောထားတဲ့ အချက်တွေလည်း ထည့်သွင်းစဉ်းစားပါတယ်။ (တစ်ဦးနှင့်တစ်ဦး ယုံကြည်ချက်ချင်းမတူတဲ့အတွက် ဤအချက်ကို လက်ခံနိုင်ချင်မှ လက်ခံနိုင်ပါလိမ့်မယ်။ ကွဲပြားခွင့်ရှိပါသည်။) အနာဂတ်ခန့်မှန်းချက်မှာ အကောင်းထက် အဆိုးကို အလေးထား စဉ်းစားပါတယ်။ ဥပမာ - ဒီကာလ ဒီအချိန်အတိုင်းအတာအတွင်း အိမ်ထောင်မပြုသင့်ဆိုလျှင် ဇယားဆွဲတဲ့အခါ ရှောင်ဆွဲပါတယ်။

အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ကတော့ ကျမရဲ့ဘဝဇယားကြီးကြည့်ပြီး ဟားပါတယ်။ မည်သို့ပင်ဖြစ်စေပါ... လူငယ်တွေအတွက် ရည်မှန်းချက်ချတဲ့အခါ... ဘဝဇယားက အထောက်အကူပေးပါတယ်။

(I Wanna Take) Forever Tonight

Monday 24 November 2008

Wind Of Change - Scorpions

Risk Lover or Risk Averse

၅ဝ၅(ခ)… ၂၉၅(က)… ၃၃(က)/၃၈… ၃၂(ခ)/၃၆… ၁၄၃… ၁၄၅… ၁၇/၂… နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ… မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ… ဗွီဒီယို အက်ဥပဒေပုဒ်မ… ဘာသာသာသနာကို ညှိုးနွမ်းအောင်လုပ်ဆောင်မှု ပုဒ်မ… ကျန်သေးသည်… အီလက်ထရောနစ် ဥပဒေပုဒ်မ… … … ပုဒ်မ… ပုဒ်မ… ရန်ကုန် အင်းစိန်မှသည် …. ဘူးသီးတောင်.. ထားဝယ်… ခန္တီး....
အားနေသောကြောင့် မဟုတ်ပါ… တစ်နေ့တစ်ခြား ကြားရသည့် သတင်းများ မချမ်းသာလွန်းလို့… အပြင်မှာ အပေါင်းအသင်းများနဲ့ပြောတာ အားမရ… ဘလော့ထဲ သွန်ချ…

အခံစားရဆုံးကတော့… မိဘနှစ်ပါးစလုံး အကျဉ်းကျသွားတဲ့ ကလေးလေးများအတွက်ပါပဲ… ကလေးတွေကတော့ မိဘတွေ မကြာခင် ပြန်လာကြမယ်ပဲ မျှော်လင့်နေပုံပါ…
ထိုကလေးလေးများသည် မိမိကလေးများဖြစ်လျှင်… … … ….

ထို့နောက် လူငယ်လေးများအတွက်…
ယုံကြည်မှုတစ်ခုကို လက်ကိုင်ထားပြီး စွန့်စွန့်စားစား ရဲရဲဝံ့ဝံ့ (ဒိထက် မြင့်မြင့်မားမား အသုံးပြုရမည့် စကားလုံးရှိလျှင် ဖြည့်စွက်ချင်သေးသည်) မိမိဘဝတစ်ခုလုံးနှင့် အလဲအလှယ်လုပ်ပြီး ပြောင်းလဲမှုတစ်ခုကြိုးပမ်းရေးမှာ ပါဝင်ကြသည်… စွန့်လွှတ်သူများ အားလုံးကို လေးစားသည်…

အားလုံးက ပြောင်းလဲမှုတစ်ခုအတွက် မတူညီတဲ့ ရှုထောင့်အမျိုးမျိုးက လှုပ်ရှားကြသည်… တူညီနေတာက ပြောင်းလဲမှုအတွက်ကြိုးပမ်းချက်…
ဤနေရာတွင်… နည်းနည်းလောက် အကျယ်ချဲ့ဆန်းစစ်ကြည့်မည်…
လူငယ်များအတွက်ကတော့ မိမိရည်မှန်းချက်ပန်းတိုင်က အရေးကြီးဆုံး အလေးအထားရဆုံးဖြစ်မည်။ ဆိုတော့ လူငယ်ထုထဲမှာ…

၁) ငါတို့လုပ်လို့လဲ ဘာမှထူးလာမှာမှ မဟုတ်တာ။ လုပ်မနေတော့ဘူး။ ကိုယ့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းပဲ ရှာတော့မယ်။ မြန်မာပြည်က မြန်မြန်ခွာမှ။

၂) ရည်မှန်းချက်တွေ မအောင်မြင်သေးလို့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ငါတို့ပါဝင်လို့ မဖြစ်ပါဘူး။ ရည်မှန်းချက်ပြည့်အောင် အရင်ကြိုးစားမယ်။ ကိုယ်အောင်မြင်မှပဲ အများလှုပ်ရှားမှုမှာ ပါဝင်တော့မယ်။

၃) ငါတို့တစ်ခုခုလုပ်မှတော့ ဖြစ်မယ်။ ဒါပေမယ့် အန္တရာယ်ကလည်း ရှိသေးတယ်။ ဘယ်လိုကြည့်လှုပ်ရှားမလဲ။ လှုပ်ရှားမယ် ဒါပေမယ့် ပါးနပ်ဖို့လိုအပ်တယ်။ အပြည့်အဝတော့ မစွန့်စားဘူး။ အဘယ်ကြောင့်ဆိုသော် ရည်မှန်းချက်များ မပြည့်သေးသောကြောင့်။

၎) ငါတိှု့ အခုအချိန်မှမလုပ်ရင် ဘယ်အချိန်သွားလုပ်မလဲ။ ငါလည်း ရည်မှန်းချက်တွေ ပြည့်ဝအောင် မင်းတို့လိုပဲ အရင်ကြိုးစားချင်တာပေါ့။ ဒါပေမယ့် ဒီလိုလူတွေများနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် အန္တရာယ်တွေရှိမှန်း သိတယ်။ လှုပ်ရှားမယ်။ ငါ့လို လူတွေများလာရင်လည်း ပြောင်းလဲမှုတစ်ခု မြန်မြန်ဆန်ဆန် ဖြစ်ကောင်းဖြစ်နိုင်တယ်။

ငါသည် Risk lover လား Risk averse လား ???????????

ယူဆချက်ကတော့… ကြောက်လွန်းနေလဲ အလုပ်မဖြစ်ဘူး။ ရဲရဲဝံ့ဝံ့လည်း မစွန့်စား မစွန့်လွှတ်နိုင်သေးဘူး။ ဆိုတော့… Risk ဆိုတဲ့အရာကို အတိုင်းအတာတစ်ခုအထိတော့ ယူတယ်။ မိမိသည် နံပါတ် (၃) လူငယ်အမျိုးအစားပင်ဖြစ်ပါသည်။

(ဖော်ပြချက်များသည် ဘလော့ရေးသူ၏ ထင်မြင်ယူဆချက်များသာ ဖြစ်သည်။ ဒိထက် အချိန်ရလျှင် ဆက်ချင်သေးသည်။ လုပ်စရာတွေ အပုံလိုက်နဲ့မလို့ ဤမျှသာ.... )

Friday 21 November 2008

Charlie bit my finger - again !

Mexican Tequila



ဆရာတပည့်နှစ်ယောက် ဆွေးနွေးခန်းဖွဲ့တဲ့အချိန်မှာ သိပ်သောက်လို့ကောင်းတဲ့ Mexican Tequila... ခွက်သေးလေးထဲ ဘာမှမရောဘဲ Tequila လေးထည့်... ဆားဖြူးထားတဲ့ သံပုရာစိတ်ကလေးကို လက်ထဲအသင့်ထား... (ဆားထက် လျက်ဆားက ပိုကောင်းသည်)... Tequila ကိုမော့... သံပုရာစိတ်ကိုစား...

လေးဘက်နာ

“လေးဘက်နာ”.. အတော်ဆိုးသည်.. ထိုမှတဖန် အဆင့်မြင့်လာလျှင် “ဂေါက်”.. သာလို့တောင်ဆိုးသေး… ရောဂါအမည်ကလည်း မလှ…. ပျောက်အောင်ကုသည့် ဆေးကလည်းမပေါ်သေး… အမေကတော့ “အား ကျွတ် ကျွတ်” ရောဂါလို့ အမည်တပ်သည်… ထိုင် အားကျွတ်ကျွတ် ထ အားကျွတ်ကျွတ်… မကောင်းပါ… လုံးဝမကောင်းပါ…
တလောက အင်တာနက်ထဲ အမွှေကောင်း ကိုယ့်ဟာကိုယ်ကု.. ဒုက္ခရောက်…. ထို့နောက် ဆေးရုံရောက်… ဆေးရုံရောက်တော့ ဆရာမကဆေးထိုး… ထိုးတဲ့ဆေးနဲ့ မတည့်… အယားတွေထွက်… ဆရာဝန်တစ်ယောက် ဆေးတစ်မျိုးစီ… ပထမဆရာဝန်က Prednisolone သောက်ခိုင်းသည်… နောက်တစ်ယောက်က Chloroquine….. Prednisolone သောက်တုန်းကာလမှာတော့ လူက ပေါ့ပါးလွန်းလို့ လမ်းလျှောက်လျှင် ဆောင့်ကြွားကြွားဖြစ်ချင်သည်… သို့ပေမယ့် ဆေးအရှိန်ကြောင့် ရင်တုန်သည်.. ညအိပ်မပျော်… Chloroquine ကျတော့ မူးဝေဝေ… နာကျင်မှုထိန်းထားနိုင်တာကလည်း ယာယီမျှ… ထို့ကြောင့် ကိုယ့်ဟာကိုယ် အနောက်တိုင်းဆေးများကို ဖြတ်လိုက်သည်… ရောဂါအမြစ်ပြတ်အောင် စွမ်းသည့်ဆေး မရှိသောကြောင့် အဆစ်များနာကျင်မှုသက်သာအောင်သာ ဂရုစိုက်နေထိုင်ရသည်…...
အဆစ်အမြစ် ကိုက်ခဲနာကျင်မှုသက်သာစေမယ့် ကိုယ်တွေ့နည်းလမ်းလေးတွေ မျှဝေလိုက်ပါသည်……
၁) မနက်မိုးလင်း အိပ်ယာထတိုင်း အဆစ်အမြစ်များကိုက်ခဲသည့်ပြဿနာကို အရင်ဖြေရှင်းရမယ်ဆိုတော့………..
ခြေထောက်ကို ရေနွေးစိမ်ပါ။ (ဆားထည့်စိမ်လျှင် ပိုစွမ်းသည်။) လက်ကို ညင်ညင်သာသာလေး ကွေးဆန့်ပါ။ ရေနွေးစိမ်ထားတဲ့ ခြေချောင်းလေးတွေကို လှုပ်ရှားပေးပါ။ လေးဘက်နာသည် ခန္ခာကိုယ်လှုပ်ရှားမှု နည်းသောကြောင့် ဖြစ်သည်ဟု ဆိုကြသော်လည်း လေ့ကျင့်ခန်း အပြင်းအထန်မလုပ်သင့်။ အဆစ်များယောင်နေစဉ် ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သောကြောင့် ပိုဆိုးလာမည်။ အစစအရာရာ စလိုးမိုးရှင်း ညင်ညင်သာသာလေးသာ လှုပ်ရှားပါ။ ရေနွေးလည်း အကြာကြီးမစိမ်သင့်။ တခါက ရေနွေးအစိမ်ကြာသွားလို့ အဖျားဝင်ဖူးသည်။ ဖျားလျှင် အဆစ်များ ပိုနာသည်။
၂) အဆစ်အမြစ်များ ကိုက်ခဲနေလျှင် ကြယ်သီးတပ်ရလွယ်သော အဝတ်အစားများကို ရွေးဝတ်ပါ။ ခေါင်းစွပ်အကျီ င်္မျိုးကျတော့ ဝတ်ရပိုခက်သည်။
၃) လှေခါးအဆင်း သတိထားပါ။ အဆစ်နာကျင်နေချိန်တွင် လှေခါးအဆင်းက ပိုခက်ခဲသည်။ သာမာန်ကျန်းမာသူလို ခြေထောက်နှစ်ဘက် တပြိုင်နက်ထဲ အသုံးပြုလို့မရပါ။ တစ်ထစ်ခြင်း ဖြေးဖြေးဆင်းရမည်။ ခြေထောက်နှစ်ဘက်စလုံးကို တပြိုင်နက်ထဲ အသုံးမပြုနိုင်သော်လည်း တစ်ဘက် တစ်လှည့်စီ သုံးပေးပါ။ ခြေထောက်တစ်ဘက်ထဲ ဖိသုံးလျှင် ခါးကိုအားပြုရသောကြောင့် နောက်ထပ် လေးဘက်အပြင် ခါးနာမှုက ထပ်တိုးလာမည်။
၎) မိသားစုနှင့်ဝေးနေလျှင် (တိုင်းတစ်ပါးရောက်နေလျှင်) စိတ်ဆန္ဒရှိတိုင်း ခန္ခာမလိုက်နိုင်သောကြောင့် စိတ်ဓာတ်ကျနိုင်သည်။ ထို့ကြောင့် ကိုယ့်ကို နားလည်စောင့်ရှောက်ပေးနိုင်တဲ့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ရှိဖို့ အရမ်းလိုအပ်သည်။
၅) တစ်နေ့တာအချိန်ကာလမှာ အဆစ်များ အယောင်ကျသည့်အချိန်မှာ များသောအားဖြင့် ညနေစောင်းအချိန်ဖြစ်တတ်သည်။ တခါတရံတော့ ညအိပ်ယာဝင်ချိန်မှာ ကိုက်ခဲမှု ပြန်စတတ်သည်။
၆) ညအိပ်လျှင် ခန္ခာကိုယ်အနေအထား တစ်မျိုးထဲ ပုံသေမအိပ်ပါနှင့်။ ခြေထောက်များကို ကွေးဆန့်လုပ်ပေးပါ။ ခေါင်းကိုလည်း မကြာခဏ ဘယ်ညာလှုပ်ရှားပေးပါ။ ဒါနဲ့ပဲ တစ်နေ့တာလည်းကုန်ဆုံး နောက်တစ်နေ့မနက် ရေနွေးစိမ်ခြင်းမှ ပြန်စရပါတော့မယ်။
အကိုက်အခဲမသက်သာပါက celecoxib သောက်နိုင်သည်။ ငါးကြီးဆီ fish oil နှင့် calcium မှန်မှန်သောက်တွဲသောက်လျှင် ပိုကောင်းသည်။
တစ်ချို့ကတော့ လေးဘက်နာက အစားအသောက်ရှောင်ရသည်ဟု ယူဆကြသည်။ မြေတွင်းဥ (အာလူး၊ မုန်လာဥ)၊ ဝမ်းတွင်းသား (ဆိတ်ကလီစာ၊ ဝက်ကလီစာ၊ ငါးဥ)၊ ယူရစ်အက်ဆစ် uric acid တက်စေသော ဟင်းသီးဟင်းရွက်များ (ပဲပင်ပေါက်၊ ဟင်းနုနွယ်) သည် အဆစ်အမြစ်ယောင်ယမ်းဖို့ အားပေးသည်ဟုဆိုသည်။ အင်တာနက်ထဲတွင် rheumatoid arthritis diet ဆိုပြီးရှာဖွေကြည့်နိုင်သည်။