Showing posts with label Academic. Show all posts
Showing posts with label Academic. Show all posts

Wednesday, 4 March 2009

သိစစ်

သိစစ် (Thesis) ဆိုသည်မှာ သင်ဘယ်လောက်သိသလဲ သင့်ထက်သိသည်ဟုယူဆရသော ဆရာသမားများမှ စစ်ဆေးခြင်းကို သိစစ်ဟုခေါ်သည်။ ဘယ်လောက်သိသလဲ စစ်ဆေးလိုက်သောအခါ ဘာမှမသိသည်ကို သိရမည်။ သိသောသူများ၏ စစ်ဆေးခံရသောအခါအကြောင်းမဟုတ် သင့်လောက်မှ မသိသောသူများ၏ အစစ်ဆေးခံရသောအခါ သင်မသိသည်လား ထိုသူများကပဲမသိသည်လား မည်သူမျှသိမည်မဟုတ်ပါ။

မြန်မာ့ရေးရာနှင့် ပတ်သက်၍ သိစစ်လုပ်ကြလျှင် မြန်မာ့ရေးရာကိုနားလည်သူနှင့်မှ သင့်တော်ပေမည်။ မဟုတ်က ရှင်းပြရသည်မှာ အာပေါက်သည်။

နိုင်ငံခြားတက္ကသိုလ်များတွင် တက္ကသိုလ်အလိုက် မိမိလုပ်ချင်သောသိစစ်အပေါ်တွင် အကူအညီပေးနိုင်သော ဆရာများရှိသကဲ့သို့ မရှိသော အခြေအနေတွင်လည်း ကြုံရတတ်သည်။

ထို့အပြင် မြန်မာကျောင်းသားများအပေါ်အမှီပြု၍ အထောက်အပံ့ပေးသော ဖောင်ဒေးရှင်းများမှလည်း ငွေကြေးရရှိရန် (မြန်မာ့ရေးရာတွင် ဒိုင်ဗင်ဝင်ပစ်တတ်သော) မြန်မာကျောင်းသားများကို လက်ဝါးကြီးအုပ်တတ်သော ဆရာမျိုးလည်း ရှိတတ်သည်။ ထိုဆရာမျိုးသည် မြန်မာနိုင်ငံအခြေအနေကို နားလည်လျှင်ထားဦးတော့။ မြန်မာပြည်အကြောင်းလည်း တစ်စွန်းတစ်စမျှမသိလျှင် အကူအညီမရသည့်အပြင် "နင်တို့မြန်မာပြည်က ဘာလုပ်လုပ် လုပ်မရဘူးပဲဖြစ်နေပါလား" ဒါမျိုးကလည်း အထွန့်တတ်သေးသည်။

အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံခြားတက္ကသိုလ်များမှ ပညာသင်နေသော မြန်မာကျောင်းသားများသည် မိမိတိုင်းပြည်တွင် သိစစ်လုပ်ခွင့်ရှိက လုပ်ကြသလို အခြေအနေမပေးသောကြောင့် နီးစပ်ရာနေရာတွင်သာ သိစစ်လုပ်ကြရသည်များလည်းရှိသည်။ မည်သူမဆို မိမိတိုင်းပြည်အတွက်သာလျှင် ဦးစားပေးလုပ်ချင်ကြပေလိမ့်မည်။ ထို့ကြောင့် ပြည်တွင်းပြန်၍ သုတေသနလုပ်နိုင်သည့် အခြေအနေရှိသောကျောင်းသားများမှာ မိမိလုပ်နေသော သုတေသနအလုပ်အပေါ်တွင် တန်ဖိုးထားမည့်သူချည်းသာဖြစ်မည်။

သို့သော် အထက်ပါ ဆရာမျိုးများလည်း ရှိနိုင်သောကြောင့် ကျောင်းသူကျောင်းသားများ သိစစ် မလုပ်မီသေချာ ရွေးချယ်တတ်ဖို့လိုအပ်သည်။ အရွေးမှားက မလွယ်။ အစော်ကားလည်းခံရဦးမည်။ ကိုယ်ကလဲ ထိုအခြေအနေမျိုးတွင် အင်္ဂလိပ်လို စက်သေနတ်ပစ်သလို ပြန်မမှုတ်နိုင်လျှင် ပိုခံရမည်။ ထို့အပြင် ဆရာသည် မိမိသုတေသနအပေါ်တွင် နားမလည်သော်လည်း ပီအိတ်ခ်ျဒီပရော်ဖက်ဆာဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ကျောင်းသားဘက်က အရှုံးချည်းပင်။ ထို့ကြောင့် အရှုံးတော့မခံပါနှင့်။ ကျောင်းစတက်ကထဲက ဘယ်ဆရာက ဘယ်လိုဆိုသည်ကို လေ့လာပါ။ အကဲခတ်ပါ။ ထိုကဲ့သို့သော ဆရာမျိုးတွေ့က ဝေးဝေးရှောင်ပါ။