Friday 27 February 2009

သွေးလေးဘက်နာ

ဒေါက်တာချစ်စိုး (ဆေးပညာဌာန) ထုတ်ဝေထားသော လက်ကမ်းစာစောင်မှ သွေးလေးဘက်နာ (Rheumatoid Arthritis) ရောဂါအတွက် သတိပြုရန်အချက်များဖြစ်ပါသည်။

၁။ သွေးကြောင့်ဖြစ်သော လေးဘက်နာ (RA)သည် နာတာရှည်ရောဂါဖြစ်သည်။
၂။ ရောဂါသဘာဝအရ သက်သာခြင်းနှင့် ရောဂါပြန်လည် ပြင်းထန်ခြင်း တစ်လှည့်စီဖြစ်တတ်သည်။
၃။ ရေရှည်ကုသမှု မခံယူပါက အဆစ်များကောက်ကွေးပြီး အိပ်ယာပေါ်လဲသည်အထိ ဖြစ်နိုင်သည်။
၎။ အကိုက်အခဲပျောက်ဆေးများ သုံးစွဲရုံနှင့် အဆစ်များကောက်ကွေးခြင်းကို မကာကွယ်နိုင်ပါ။
၅။ ရောဂါဟု ဆရာဝန်က သတ်မှတ်ခဲ့လျှင်လည်း အနည်းဆုံး (၂)နှစ်ခန့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း စစ်ဆေးကုသမှုခံယူရမည်။
၆။ Methotrexate, Cyclophosphamide စသည့် ကာကွယ်ဆေးများသောက်နေလျှင် ကလေးယူ၍ မရပါ။
၇။ ပရက်နီစလုံး (စတီးရွိုက်) ဆေးများသောက်ထားလျှင် ဆရာဝန်ကို ပြောပြပါ။ ဖျားနာသောအခါ မိမိသဘောနှင့် ချက်ခြင်း မဖြတ်ရ။ သွေးပေါင် ရုတ်တရက်ကျတတ်သော အန္တရာယ်ရှိသည်။
၈။ စတီးရွိုက်ပါသော ဆေးများကို မိမိဘာသာ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ စွဲသောက်ပါက မျက်နှာများ ဖောလာခြင်း၊ အရိုးများပွ၍ ကျိုးခြင်း၊ အစာအိမ်ပေါက်ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း အန္တရာယ်များ ရှိသောကြောင့် အဆစ်နာပျောက်ဆေးများကို ကြော်ငြာကောင်းတိုင်းမသောက်ပါနှင့်။