Thursday 30 April 2009

တင်တင်၏အချစ်ဇာတ်လမ်းလေးများ

အခန်း (၁) တင်တင့်အသည်းကွဲပါပြီ

လူစိမ်းကားကြီးကိုဝင်းဦးကြောင့် တင်တင့်အသည်းကွဲလေပြီ။

တင်တင် စဉ်းစားရင်း စဉ်းစားရင်း ငိုချင်လာသည်။ တင်တင်သည် တော်ရုံမျက်ရည်ကျတတ်သည်မဟုတ်။ သို့သော် အခုတော့ အတော်ကို ငိုချပစ်မိသည်။

“အစ်မရယ် ဘာကြောင့်ငိုတာလဲ။ ကျွန်တော်ဘာလုပ်ပေးရမလဲ ပြော။ အမလူကြီးကိုလေ ဖုန်းဆက်ပေးရမလား။ ဘာပြောပေးရမလဲ။ အခုဖုန်းပေး ကျွန်တော်ဆက်ပေးမယ်။”

အနားမှ ငါးခြောက်ဖုတ်မှ ဂရုဏာသက်စွာဖြင့် ပြောရှာသည်။ ငါးခြောက်ဖုတ်မှာ တင်တင် တက္ကသိုလ် မဟာတန်း တက်နေသည့် ကာလပတ်လုံး တင်တင့်နဘေးနားမှ ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။ ပြုစုစောင့်ရှောက်သည်ဆိုတော့ တင်တင်က ဘာဖြစ်နေလို့လဲ။ တင်တင့်မှာ အတော်စိတ်ပျက်စရာကောင်းတဲ့ လေးဘက်နာရှိပါသည်။ လေးဘက်နာက ရိုးရိုးတောင်မဟုတ် သွေးလေးဘက်နာဖြစ်သည်။ ရောဂါထတဲ့အချိန်ဆိုလျှင် အကျီ င်္တောင်မဝတ်နိုင်။

ကိုယ့်လွယ်အိတ်ကို လွယ်ဖို့ ဝေးစွ။ လက်ရှိအခြေအနေမှာတော့ တင်တင်သောက်ရသောဆေးများ ပြင်းလွန်းသောကြောင့် အစာအိမ် အူလမ်းကြောင်းမှ သွေးယိုသည်။ နှလုံးတုန်သည်။ တခါတရံ အသက်ပင်ဝဝမရှူနိုင်။ ငါးခြောက်ဖုတ်ကတော့ တင်တင့် အခြေအနေ သိသူမို့ တင်တင့်ကျန်းမာရေးသည်သာလျှင် အဓိကဖြစ်သည်။

“တော်ပါပြီဟယ်။ ရည်းစားပြတ်တယ်ဆိုတာ အကြောင်းအရာမရှိဘဲ ပြတ်လိုက်လို့ရတယ်။ မကြိုက်တော့လို့ မချစ်တော့လို့ ပြတ်တာပဲဟာ။ ဘာမှလုပ်စရာမရှိပါဘူး။ အနည်းကျဉ်းတော့ ခံစားရမှာပေါ့။ သူ့ဟာသူ နောက်တစ်ယောက်နဲ့ အကြောင်းပါတာ အစ်မကို ကြိုက်တာမကြိုက်တာ ငါးခြောက်ဖုတ်နဲ့ အထင်လွဲတာ မလွဲတာ ဘာမှမဆိုင်ပါဘူး။ ထားလိုက်ပါတော့။ ၂ နှစ်လောက်ဝေးနေမှတော့လဲ အသစ်တွေ့တာ မဆန်းပါဘူး။ သူလဲ ရည်းစားအနားမရှိတော့ ပျင်းမှာပေါ့။ ကဲ..ကဲ စာလုပ်ကြရအောင်။”

တင်တင် စကားလမ်းကြောင်းဖြတ်လိုက်သည်။ မဟုတ်က နှစ်ယောက်လုံး စာလုပ်လို့ ပြီးတော့မှာ မဟုတ်ပေ။
တင်တင်နှင့် ငါးခြောက်ဖုတ်မှာ မဟာဘွဲ့ စာတမ်းပြုစုနေကြသည်။ မပြီးသေးပါ။ ဒီကြားထဲ တင်တင့် ချစ်မှုရေးရာများ ကျန်းမာရေးအခြေအနေ စတာတွေက စာတမ်းရေးဖို့ မကြာခဏ အဟန့်အတားဖြစ်သည်။ ငါးခြောက်ဖုတ်မှာတော့ တင်တင့်အတွက် မဟာရဲဘော်ကြီးဖြစ်သည်။ တစ်ဦးကို တစ်ဦးဖေးမသည်။ ငါးခြောက်ဖုတ်သည် ချစ်သူရည်းစားထားလျှင် မြန်မာမများကို ဘယ်တော့မှ မထားဟု ကြွေးကြော်သူဖြစ်သည်။ တိုင်းတစ်ပါးသားကိုမှ ရည်းစားလုပ်ချင်သည်။ မြန်မာမများကို မကြိုက်။

သို့ပေမယ့် တင်တင် နှင့် ငါးခြောက်ဖုတ်တို့မှာ မြန်မာအသိုင်းအဝိုင်း၏ အထင်လွဲမှုကို အကြီးအကျယ်ခံရသည်။ နှစ်ယောက်မှာ အတူတကွနေထိုင်သူများအဖြစ် အထင်ခံရသည်။ ဟုတ်ပါသည် တင်တင်တို့ အတူနေကြသည်။ တစ်ဆောင်ထဲ အတူနေကြသည်။ သို့ပေမယ့် အခန်းကွဲသည်။ တင်တင်တို့အကြောင်း တင်တင်တို့ မိဘများသာလျှင် သိသည်။

အခန်း (၂) မုန်တိုင်းထဲမှ တင်တင်

တင်တင် ကိုယ့်ဘဝကိုယ် ငြိမ်သွားပြီအောက်မေ့တာ တင်တင့်ဘဝမငြိမ်သေးပါလား။ လှိုင်းထဆဲဖြစ်သည်။
ချစ်သူရည်းစား အတည်တကျလိုချင်ခဲ့သည်။ ကိုယ်ပိုင် မိသားစုဘဝလိုချင်သည်။ ကိုယ်ပိုင်ကလေးများကို ကျကျနန ပြုစုချင်သည်။ တင်တင် ဝမ်းနည်းရပါသည်။ အချစ်ဆိုသည်ကလဲ တစ်ပိုင်းထဲချစ်နေရုံနှင့်အဆင်မပြေ။ အခြားတစ်ဘက်မှ အာရုံမလာတော့လျှင် ဘာမှမတတ်နိုင်။

တင်တင့်အသည်းနောက်ဆုံးတော့ ကွဲသည်။ ကိုဝင်းဦး အသည်းခွဲရက်သည်။ ဒါပေမယ့်လည်း ကိုဝင်းဦး တင်တင့်ကြောင့်ပဲ အသည်းမကွဲသည်က တင်တင့်မှာ ဝမ်းသာလှသည်။
အချစ်ဆိုသည်မှာ မချစ်တတ်လျှင် ငရဲကြီးတတ်သည်။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ်ဆိုသလို အချစ်မတော်တော့ ငရဲကြီးမှာ။ တစ်ဘက်သား ကိုယ့်ကြောင့်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ခဲ့လျှင် ကိုယ်က ငရဲသို့လားမည်မှာ မုချ။ ဆိုတော့ တင်တင် ဖြေသာရမည်။ တင်တင့်ကိုဖြတ်တာ တင်တင်က ဖြတ်တာမဟုတ်။ ထို့ကြောင့် ဖြေသိမ့်မည်။ သို့သော်ကား မည်သို့ပင် ကိုယ့်ကိုယ်ကို သတိချပ်သော်ငြားလည်း ဖြေမဆည်နိုင်ဖြစ်ဆဲ တမ်းတဆဲဖြစ်သည်။

တင်တင် ကိုဝင်းဦးကို အတော်ချစ်ခဲ့သည်။ ကိုဝင်းဦးမှာ တင်တင့်ထက် အသက် ၁ဝ နှစ်မျှကြီးသည်။ ကိုဝင်းဦးကို ချစ်သူလိုတစ်မျိုး အကိုလိုတစ်ဖုံ ဖခင်ကြီးလိုတစ်လှည့် အင်မတန်ချစ်ခဲ့သည်။ ကိုဝင်းဦး စိတ်ဆင်းရဲမည့်အလုပ် ကိုဝင်းဦး စိတ်အနှောင့်ယှက်ဖြစ်သည့်အရာများ ဘယ်တော့မှမလုပ်လိုခဲ့ပါ။ ကိုဝင်းဦးမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အင်မတန်မှ စိတ်အားထက်သန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါသည်။ ဒါ့အပြင် ကိုဝင်းဦးက လေးစားစရာကောင်းတဲ့ ဘလော်ဂါတစ်ယောက်။ တင်တင့်မှာ ကိုဝင်းဦး ဘလော့ကို တစ်နေ့ အခါနှစ်ဆယ်မက အားအားရှိဖွင့်ကြည့် လေ့ရှိသည်။ ကိုဝင်းဦး ဘလော့က အပ်ပဒိတ် (update) ဖြစ်ပါသော်လည်း တင်တင့်ထံ စာတစ်စောင်မျှ ရောက်လာခြင်း မရှိလျှင်တောင်မှ တင်တင် စိတ်မကောင်းဖြစ်ရုံကလွဲလို့ ကိုဝင်းဦးကို ချစ်လွန်းလို့ မဆူပွပါ။ ကိုဝင်းဦးဘလော့မှာ ကောင်မလေးတွေ ဟိုရေးသည်ရေး အနှောင့်အသွားမလွတ် ဒါမျိုးတွေတွေ့လျှင် တင်တင် ဝမ်းနည်းသည်။ ကိုဝင်းဦးကိုတော့ တင်တင် ရာနှုန်းပြည့် ယုံကြည်သည်။ သို့သော်ငြားလည်း ကိုဝင်းဦးမှာ တင်တင် တစ်ယောက်ထဲမပိုင် ဘလော့လောက ပိုင်သည်ဆိုသကဲ့သို့ နှလုံးမူသည်။

အခန်း (၃) ဖြေသိမ့်လိုက် တင်တင်ရေ

တင်တင့်မှာ အသည်းကွဲတော့ ဘယ်သူ့ဆီပြေးမည်နည်း။ အမေ့ကိုသာလှမ်းပြောမိသည်။
“အမေရေ သမီးတော့ ကိုဝင်းဦးနဲ့ ကွဲပြီ။ ကိုဝင်းဦးသမီးကို ဖြတ်လိုက်ပြီ အမေ။”
တင်တင်သည် အသက်ကြီးလာလေ မိခင်နှင့် အနေနီးလာလေဖြစ်သည်။ တင်တင်ဆယ်ကျော်သက်တုန်းကတော့ မိခင်နှင့် အဝေးဆုံးနေသည်။ အမေနှင့် မတည့်ဆိုက ပိုမှန်မည်။ အမေက ဒါဆိုလျှင် တင်တင်က ဟိုဟာ။ တင်တင်နှင့် မိခင်ကြား နားလည်မှု အပြည့်အဝရှိသွားတဲ့အချိန်ကတော့ တင်တင် အသက် ၁၉ နှစ်မှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့သည့်အချိန်ဖြစ်သည်။ (ဤအကြောင်း နောက်မှ ဆက်မည်။)

တင်တင့်မှာ အိမ်ထောင်သည်ဘဝဖြစ်ချင်လွန်း၍ အိမ်ထောင်များကိုလေ့လာသည်။ အနီးဆုံးကတော့ ကိုယ့်မိသားစုပဲ ဖြစ်သည်။ မိခင်နှင့် ဖခင်တို့အိမ်ထောင်ရေး။ တင်တင့် ဦးလေး အဒေါ်များ၏ အိမ်ထောင်ရေး တင်တင့် ပတ်ဝန်းကျင်မှ အလှမ်းမီသမျှ အိမ်ထောင်ရေးများကို တင်တင်လေ့လာသည်။

တင်တင်လွတ်သွားတဲ့အချက်က ချစ်သူရေးရာများလေ့လာရမည့်အချက်ဖြစ်သည်။ အိမ်ထောင်ရေးတွေသွားလေ့လာပြီး ချစ်သူရေးရာများကို မလေ့လာခဲ့တော့ တင်တင် ချစ်သူတစ်ယောက်ကို ချစ်ရုံမျှပဲသိသည်။ ချစ်ခြင်းအဓွန့်ရှည်အောင် မစွမ်းဆောင်နိုင်ခဲ့။ ထားပါတော့လေ။ အားလုံးက သင်ခန်းစာ (lesson learnt) လို့မှတ်ယူရမည်။
တင်တင့်မှာ လတ်တလော တူလေးတစ်ယောက်ရထားသည်။ ဤသည်ကကော ဘဝအတွက် ဖြေသာစရာ အချက်တစ်ချက်လား။ တူလေးကို ချစ်သည်။ ပြုစုစောင့်ရှောက်ချင်သည်။ သို့သော် တူလေးသည် တင်တင့် ကိုယ်ပိုင်ကလေးလေး မဟုတ်။ တင်တင့်မှာ စိတ်ရှိတိုင်း ပြုစုစောင့်ရှောင့်ရန် အခွင့်မသာ။ တင်တင့် တူလေးမိခင်ကတော့ ယောက်ျားယူချင်သောကြောင့် ကလေးယူခဲ့ခြင်းဖြစ်သည်။ တင်တင်ကတော့ ကလေးလိုချင်သောကြောင့် အိမ်ထောင်ပြု ချင်သည်။ တန်ဖိုးထားခြင်းမတူ။ ဆိုတော့ တင်တင့် အစ်မမှာ ယောက်ျားသည် ပထမ ကလေးသည် ဒုတိယ။ တင်တင့်မှာတော့ တူလေးကို ငါ့ကလေးသာဖြစ်ရင်တော့လား ဘယ်လိုဘယ်ပုံ ပြုစုမယ် စသည်ဖြင့် အတွေးထဲမှာပဲ ကလေးမွေးနေလို့ရသည်။

အခန်း (၄) တိတ်တခိုးအချစ်သမားလေး တင်တင်

ကိုဝင်းဦးနှင့် တင်တင်စတွေ့သည်မှာ ၂ဝဝ၄ ခုနှစ် မိုးတွင်းကာလက ဖြစ်သည်။ စာဖတ်ဝိုင်းတစ်ခုတွင် ဆုံတွေ့ကြသည်။ မြင်မြင်ချင်းတော့ တင်တင်သည် ကိုဝင်းဦးအား အတော်ဆံပင်ကောက်တဲ့သူပါလား… တင်အောင်နီဆွဲတဲ့ ကာတွန်းထဲကလို နှာခေါင်းကလုံးလုံး ပါးကဖောင်းဖောင်း… အနည်းလေး ကလေး ၂ ယောက်လောက်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ တင်တင်လွဲပါသည်။

သိပ်မကြာလိုက်ပါ… ကိုဝင်းဦးသည် ပါရဂူဘွဲ့အတွက် အမေရိကားကိုထွက်သွားပါသည်။ မသွားခင် ကိုဝင်းဦးနှင့် ၃ ခါမျှသာ ဆုံခဲ့ပါသည်။ မှတ်မှတ်ရရကတော့ ကိုဝင်းဦးမထွက်ခွာမီ နောက်ဆုံးတစ်ခါဆုံတော့ တင်တင်ရင်ခုန်ခဲ့ပါသည်။ ကိုဝင်းဦးနှင့် တင်တင် ဘယ်တော့မှ မတွေ့ရတော့ဟု ထင်ခဲ့မိသည်။

သို့သော်… အင်မတန်မှပင် ဝမ်းသာဖို့ကောင်းပါသည်။ ကိုဝင်းဦးမှာ မြန်မာပြည်မှ မိတ်ဆွေသင်္ဂဟများထံအီးမေးလ်ပို့ရင်း တင်တင့်ထံလဲ စာတစ်စောင်ပို့လာပါသည်။ ထို့နောက် တင်တင်တို့ အီးမေးလ်နှင့် အဆက်အသွယ်ပြုကြသည်။ တင်တင့်မှာ ထိုစဉ်အချိန်မှစ၍ ကိုဝင်းဦးဆီမှ အီးမေးလ်များကို မျှော်သည့်အကျင့်ရလာသည်။ ကိုဝင်းဦးထံမှ အီးမေးလ်လေးများကို စံနစ်တကျသိမ်းဆည်းသည်။ အခါခါ ပြန်ဖတ်လေ့ရှိသည်။ ကိုဝင်းဦးနှင့် အကြောင်းပါမည်ကိုတော့ ဘယ်တော့မှ စဉ်းစားမိခဲ့သည်မဟုတ်။ တင်တင်နှင့် ကိုဝင်းဦး ပြန်လည်တွေ့ဆုံဖို့ အခွင့်အလမ်းက အတော်ကိုနည်းပါးသည်။ မဖြစ်နိုင်။

ထို့နောက် တင်တင်သည် မင်းဘူး-မကွေး ဘက်တွင် လူမှုရေးအဖွဲ့တစ်ဖွဲ့၌ အလုပ်သွားလုပ်သည်။ တင်တင် အင်မတန်မှ ပျော်ပါသည်။ ရွာက ကလေးတွေကို တင်တင်ချစ်သည်။ ကာလသားများလည်း တင်တင့်အပေါ် နှမလေးလို စောင့်ရှောက်ကြသည်။ ရွာတစ်ရွာတွင် ရွာလူကြီးက တင်တင့်ကို သမီးလေးတမျှ ချစ်ခင်သည်။ မွေးစားချင်သည်။

တင်တင်သံယောဇဉ်အရှိဆုံးမှာ ရုံးနားက နေတိုးလေးပင်ဖြစ်သည်။ နေတိုးလေးမှာ ၃ နှစ်မျှသာရှိမည်။ ဖခင်က အရက်သမား။ မူးလျှင် မိန်းမနှင့် ရန်ဖြစ်သည်။ ရိုက်ကြသည်။ ကလေးငယ်မှာ အင်မတန်မှ သနားစရာကောင်းသည်။ အတန်းပညာသင်ရဖို့ကား မရေရာ။ သို့သော် ဥာဏ်ကောင်းသည်။ ဆူနာမီ ကိုကောင်းကောင်းသိသည်။

“နေတိုးလေး ဒီကို ဘာလို့ပြောင်းလာတာလဲ” ဟုမေးလျှင်
“ကျူနာမီ ဖြစ်လို့လေ” ဟုဖြေသည်။

နေတိုးလေးတို့ မိသားစုမှာ ရခိုင်ကမ်းမြောင်ဘက်မှာရှိတဲ့ ရွာလေးတစ်ရွာကနေ မင်းဘူးကို ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ကလေးမှာ ဆူနာမီဖြစ်၍ ပြောင်းလာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

မနက်ဘက် တင်တင်ရုံးရောက်လျှင် နှုတ်ဆက်သည်။ ကြက်ကလေးများနှင့် ကစားသည်။ (ကစားစရာမရှိသောကြောင့် ကြက်ကလေးများသည် နေတိုးလေး၏ ကစားစရာလေးများဖြစ်သည်။)
တင်တင့်မှာ လစာထုတ်လျှင် အပုံလေးများပုံရသည်။ မိဘအတွက်၊ ကိုယ့်ရဲ့စား စားရိတ်၊ နေစားရိတ်၊ ထို့နောက် ရွာက ကလေးများအတွက် တတ်နိုင်သလောက် မုန့်ဝယ်ကျွေးရန် ကစားစရာဝယ်ပေးရန် ဘတ်ဂျက်ခွဲရသည်။ နေတိုးလေးမှာ အရုပ်ရလျှင် ဝမ်းသာသည်။ တင်တင်လည်း ပျော်သည်။ တင်တင် သူဌေးမသာဖြစ်လျှင် နေတိုးလေးကို စောင့်ရှောက်ချင်သည်။ မွေးစားချင်သည်။

တင်တင်ချစ်တဲ့ နေတိုးလေးအကြောင်းကိုလည်း ကိုဝင်းဦးကို ပြောပြဖြစ်သည်။ ပထမတော့ ကိုယ့်အကြောင်းတွေ လျှောက်ပြောပြနေတာ အထင်သေးတာများ ခံရလေမလားလို့ စဉ်းစားမိသည်။ ဒါပေမယ့် ကိုဝင်းဦးနဲ့ တွေ့ဖို့လမ်းမရှိ ထို့ကြောင့် စိတ်ထဲရှိသမျှ ပြောပြမိသည်။ ထိုအချိန်က တင်တင့်မှာ ရင်ဖွင့်ရမည့်သူလည်း မရှိသောကြောင့်ဖြစ်သည်။
တင်တင် အလုပ်ထဲမှာပဲ ပျော်နေလို့ မပြီး။ တင်တင်ချစ်တဲ့ ရွာလူထုကို အမှန်တကယ် အကျိုးပြုချင်လျှင် တင်တင် ပညာတွေ သင်ယူရမည်။ ကိုယ်က သူများကို ကူညီချင်ပါရဲ့ ကိုယ်က ဘာမှမတတ် ဘာမှမသိရင် ကူညီချင်တဲ့စိတ်သာရှိမည် အကျိုးရှိရှိ ထိထိရောက်ရောက်ကူနိုင်မည်မဟုတ်။ ထို့ကြောင့် တင်တင် နိုင်ငံခြားတွင် ပညာသင်ရန် ကြိုးစားသည်။

အခန်း (၅) တင်တင်၏ မိသားစု

တင်တင် အလုပ်လုပ်ရင်း တစ်ဘက်ကလည်း ကျောင်းတက်ရန်အတွက် ကြိုးပမ်းသည်။ တင်တင့်မှာ ကံကောင်းသည်က မကွေးဘက်တွင် အစ်မဖြစ်သူက အစိုးရအလုပ် လုပ်နှင့်ပြီးဖြစ်သည်။ အစ်မမှာ တင်တင် ရောက်လာသည့်အတွက် ဝမ်းသာသည်။

“အမေရေ မှတ်မိလား သမီးတို့ငယ်ငယ်တုန်းကလေ တင်တင်က သမီးစာလုပ်ရင် အနားကနေပြီးသူလည်း စာလိုက်လုပ်ချင်တယ်။ သမီးလွယ်အိတ်လွယ်ရင် သူလိုက်လွယ်ချင်တယ်။ အခုလည်းကြည့် သမီးမကွေးမှာ အလုပ်လုပ်တော့ သူလည်းလာရှုပ်ပြန်တယ်။”

မကွေးရောက်စက ပစ္စည်းတွေသိမ်းရင်း အစ်မဖြစ်သူက အမေ့ကို နောက်ကြောင်းဖွင့်သည်။ အမေ့မှာ တပြုံးပြုံးနှင့် သမီးနှစ်ယောက် အဖော်ရသည်ကိုပင် ဝမ်းသာနေသည်။ အစကတော့ တင်တင် နယ်မှာ အလုပ်သွားလုပ်မည်ဆိုလျှင် အမေသည် ခွင့်ပြုချင်သည်မဟုတ်။ အမေမှာ တင်တင့်ကို ရုံးတွင်း အဲယားကွန်းအောက်တွင် အေးအေးလူလူ စာရင်းအင်းလေးတွေထိုင်လုပ်တဲ့ စမတ်ကျကျ အကောင့်တန့်မ ဖြစ်စေချင်သည်။ တင်တင်ကတော့ လူထုနဲ့ထိထိကပ်ကပ် ကွင်းဆင်းလုပ်ရမှ အားရသည်ထင်သည်။ “တက်ကြွတဲ့ ကြက်မလေး တင်တင်ပါရှင်”

တင်တင့်မှာ နယ်တွင်အလုပ်လုပ်ချင်လွန်း၍ အဖေနှင့်အမေကို အလုပ်လုပ်ရတဲ့အကြောင်းအရင်း၊ ဒီအလုပ်ပြီးရင် ဘာဆက်လုပ်မယ်၊ ရည်မှန်းချက်ဘယ်လိုထားတယ် စသည်ဖြင့် အတော်လေး နည်းဗျူဟာကျကျ တင်ပြရသည်။ တင်တင့်ဖခင်ကြီးကတော့ တင်တင်လူမှုရေးအလုပ် လုပ်သည်ကို အင်မတန်ကြည်နူးသည်။ တတ်နိုင်သလောက် တင်တင့်ကို လမ်းပြပေးသည်။ ဆွေးနွေးသည်။ နောက်ဆုံးတော့ မိခင်ကြီးမှာ အစ်မဖြစ်သူလည်း မကွေးတွင်ရှိနေတာတစ်ကြောင်း တင်တင့်ဆန္ဒကိုလည်း မပိတ်ပင်ချင်သည့်အတွက် ခွင့်ပြုလိုက်သည်။
တင်တင်တို့ မိသားစုမှာ မိဘနှင့်သားသမီး ပွင့်ပွင့်လင်းလင်းတိုင်ပင်သည်။ ရင်းနှီးသည်။ နွေးထွေးသည်။ မိဘများက သားသမီးများကို ဗျူရိုကရက်ဆန်ဆန် မအုပ်ချုပ်။ သားသမီးကို အကျိုးအကြောင်းဆင်ခြင်တတ်ရန်သာ လမ်းပြပေးသည်။

တင်တင် ပထမဆုံး အလုပ်ဝင်ရန်အတွက် မကွေးသို့ မိဘနှစ်ပါးလုံးလိုက်ပို့ကြသည်။

အခန်း (၆) တင်တင်၏ ကြည်နူးဖွယ်ကာလ

မကွေးနှင့် မင်းဘူးမှာ ဧရာဝတီတံတားကြီးဆက်သွယ်ထားမှုကြောင့် ကားဖြင့်သွားလျှင် ၁၅ မိနစ်မျှသာကြာသည်။ တင်တင့်အလုပ်ခွင်မှာ မင်းဘူးဘက်တွင်ဖြစ်သည်။ တင့်တင့်မှာ ကိုယ်လုပ်ချင်သည့်အလုပ် လုပ်ရသည့်အတွက် ပျော်နေသော်လည်း ကိုဝင်းဦးထံမှ အီးမေးလ်လေးများကို မှန်မှန်မကြည့်ရမှာတော့ စိတ်ပူသည်။ ထို့ကြောင့် မကွေးရောက်သည်ရောက်ချင်း အီးမေးလ်ဆိုင်လိုက်ရှာရသည်။ ကံကောင်းထောက်မစွာဖြင့် ဂိမ်းဆိုင်တစ်ဆိုင်တွင် အင်တာနက်ရသည်။

မကွေးတွင် ညဘက်ဆိုလျှင် ၉ နာရီလောက်မှစ၍ လူသူတိတ်ဆိတ်သည်။ ဟိုသွားဒီသွား နည်းနည်းဝေးရင်တော့ ဆိုက်ကားနှင့် သုံးဘီးဆိုင်ကယ် (တုတ်တုတ်) ကိုသာလျှင်အားထားရသည်။ အနီးအနားတော့ တင်တင် လမ်းလျှောက်သည်။

တင်တင်နေသောအိမ်ရှေ့လမ်းမကြီးတွင် တမာပင်များအစီအရီ။ နွေးဦးအစဆိုလျှင် တမာလမ်းလေးရယ် လိပ်ပြာဝါလေးများရယ် တင်တင်အင်မတန်မှ ကြည်နူးသည်။ အစ်မဖြစ်သူမှာ ဟိုဟိုဒီဒီသွားရန် ဝါသနာမပါ။ အိမ်ထဲ အေးအေးလူလူနေချင်သည်။ ထို့ကြောင့် တင်တင်တစ်ယောက်ထဲ လမ်းလျှောက်ထွက်သည်။ တစ်ခါတစ်ရံတော့ ကိုဝင်းဦးအကြောင်းစဉ်းစားမိသည်။ အကြောင်းအရာတစ်ခုကြုံလာတိုင်း ကိုဝင်းဦးကို ပြောပြချင်သည်။
အိုး... ကျန်ခဲ့တာတစ်ခုရှိသေးတယ်။ တင်တင် ကိုဝင်းဦးဓာတ်ပုံရချင်လွန်းလို့ အင်တာနက်မှာ ရှိလိုရှိငြားမွှေဖူးသည်။ ကံကောင်းစွာပဲ သတင်းတစ်ခုတွင် ကိုဝင်းဦးဓာတ်ပုံရလိုက်သည်။ ဓာတ်ပုံမှာ အတည့်မဟုတ် ဘေးတိုက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကိုဝင်းဦး ဆိုလျှင် တင်တင့်အတွက် အဆင်ပြေပြီ။

နောက်ထပ်တစ်ပုံကတော့ ကိုဝင်းဦးရဲ့ဟိုင်းဖိုက်နက်ဝေါ့ထဲမှ ပုံဖြစ်သည်။ ထိုပုံမှာ ဆိုဒ်သေးသောကြောင့် ကိုဝင်းဦးကို သေချာပီပီပြင်ပြင်မတွေ့ရ။ ၂ဝဝ၅ ခုနှစ် သင်္ကြန်အပြီး မြန်မာနှစ်သစ်မှာတော့ ကိုဝင်းဦးမှ မိတ်ဆွေများထံသို့ ဓာတ်ပုံနှင့်အတူ နှစ်ကူးဆုတောင်းလှမ်းပို့သည်။ တင်တင် အလွန်အမင်းပျော်ခဲ့ပါသည်။ ထိုဓာတ်ပုံလေးကို တင်တင် သေချာ သိမ်းဆည်းသည်။ ပရင့်ထုတ်သည်။ ရေစိုခံနိုင်ရန် ပလက်စတိတ်လောင်းသည်။ အဆောင်တစ်ခုသဖွယ် ကိုယ်နှင့်မကွာ ကျောပိုးအိတ်ထဲ မြတ်မြတ်နိုးနိုးသိမ်းသည်။

ကိုဝင်းဦးအကြောင်းတော့ တင်တင်ဘာမှမသိပါ။ ဘာဆိုဘာမျှမသိသော်ငြား ကိုဝင်းဦးကို အလကားနေ တိတ်တဆိတ် မြတ်နိုးနေမိသည်။

အခန်း (၇) အချစ်ကံခေသူ (သို့မဟုတ်) မရေမရာအချစ်များနှင့် တင်တင်

တင်တင့်မှာ ကိုဝင်းဦးမတိုင်မီ ရည်းစား သုံးယောက်ရှိပါသည်။ ပထမတစ်ယောက်မှာ တင်တင့် အချစ်ဆုံးငယ်သူငယ်ချင်း စစ်ဆရာဝန်လေး ဒေါက်တာထွားထွား ဖြစ်သည်။ ဒုတိယမှာ တင်တင့်ထက် အသက် ၂ဝ တိတိကြီးသည့် တင်တင့်ကို သံယောဇဉ်အရှိဆုံးဆိုသည့် ဆရာ မောင်မောင်ထွတ်ပင်ဖြစ်သည်။ ဆရာနှင့်တော့ တင်တင် သမီးရည်းစားလိုမဟုတ်ပါ။ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်အခြေခံ၍ အချင်းချင်း ကူညီသည်။ တိုင်ပင်သည်။ ဆရာသည် ဆရာဝန်တစ်ယောက် ဖြစ်သော်လည်း စီးပွားရေး စီမံခန့်ခွဲမှုဘွဲ့ရဖြစ်၍ လုပ်ငန်းအနေဖြင့် လူမှုရေးလုပ်ငန်းများတွင် ကြီးကြပ်သူ မန်နေဂျာ အနေနှင့် အလုပ်လုပ်သည်။ နောက်ဆုံးတစ်ယောက်ကတော့ တင်တင့်ထက် အသက် ၄ နှစ်ငယ်သော ဆေးကျောင်းသားလေး မောင်မြေဇာဖြစ်သည်။

မှန်တာပြောချမ်းသာပါစေ။ တင်တင် ဆရာဝန်များကို ငယ်ငယ်ထဲက မုန်းသည်။ ကြီးတော့ ပိုမုန်းလာသည်။ တင်တင့် လုပ်ငန်းခွင်တွင် ဆရာဝန်များကြီးစိုးသည်။ ဆရာဝန်များမှာ တိုင်းပြည်အတွက် မရှိမဖြစ်ရတနာလေးများပါ။ လေးစားစရာကောင်းသော ဆရာဝန်များလည်း ရှိပါတယ်။ ဒါပေမယ့် တင်တင်ဆုံခဲ့သည် ဆရာဝန်အများစုနှင့်တော့ တင်တင့်အတွက် စကားပြောလို့အဆင်မပြေ။ ဆရာဝန်ပေတံနှင့် လာတိုင်းလျှင် တင်တင် ပိုမုန်းသည်။ မြန်မာပြည်မှာကလဲ ဆရာဝန်ဆိုလျှင် ထိပ်သီးအလွှာအနေဖြင့် ယူဆကြသည်။ ကျောင်းပြီးလျှင် ဆရာဝန်ပညာသည်သာလျှင် အကောင်းဆုံးထင်ကြသည်။

မည်သို့ပင်ဖြစ်စေ တင်တင်နှင့် အကြောင်းပါခဲ့သူများက ဆရာဝန်များဖြစ်နေသည်။ တင်တင် ရည်းစားထားရသည့် အခြေခံအကြောင်းရင်းမှာ မိသားစုဘဝလေး လိုချင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တင်တင့်အသက် ၂၃ နှစ်တွင် တင်တင်နဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း ထွားထွားက ရည်းစားစကားပြောသောအခါ တင်တင် ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့သည်။ တင်တင့် စဉ်းစားချက်ကတော့ တင်တင်တို့ နှစ်ယောက်စလုံးသည် ငယ်စဉ်တောင်ကြေး ကလေးဘဝထဲက တစ်ယောက်အကြောင်းတစ်ယောက်သိသည်။ နှစ်ဘက်မိဘများမှာလည်း ရင်းနှီးသည်။

ထွားထွားကတော့ တင်တင့်ကို သူ့အပေါ် နားအလည်ဆုံးသူအဖြစ် ရွေးချယ်ခဲ့သည်။ ထွားထွားဘက်က တင်တင့်ကိုသုံးသပ်သည်ကတော့ "နင့်ရဲ့စိတ်ကလေ ရေလိုပဲ။ ဘယ်သူ အရောင်ဆိုးဆိုး ဆိုးရလွယ်တယ်။ အဲဒါက ငါ နင့်ကို စိတ်ပူရတဲ့အချက်ပဲ။"

ထွားထွားမှာ ငယ်စဉ်ထဲမှ အဘိုးအဘွားနှင့် အနေများကြီးပြင်းလာသူဖြစ်သည်။ ထွားထွား အဖေနှင့်အမေမှာ ထွားထွား ၁ဝ တန်းပြီးခါစကာလတွင် ကွဲကွာကြသည်။ မိခင်ဖြစ်သူက အမေရိကားကို ထွက်သွားသည်။ သားကို စစ်-ဆေး တက်ရန် မှာကြားခဲ့သည်။ ထွားထွားမှာ မိခင်ကို နားလည်သော်လည်း တစ်ပိုင်းက စိတ်နာသူဖြစ်သည်။ တင်တင်တို့ ရည်းစားဘဝ ရောက်တော့ နှစ်ဘက်မိဘများက အင်မတန်ပျော်ကြသည်။ တင်တင့်ဖခင်ဆိုလျှင် ထွားထွားကို သမီးရဲ့ ချစ်သူ ကောင်လေးအဖြစ် ချစ်ခင်သည်။ ထွားထွားရှေ့တန်းထွက်မည့်နေ့တွင် ဘူတာသို့ ကိုယ်တိုင်လိုက်ပို့သည်။
ထွားထွားမှာ တင်တင့်ကို မေတ္တာစစ်နှင့် ချစ်ရှာသည်။ သို့သော် တင်တင်သည် မချစ်တတ်ပါ။ ထွားထွားကို သူငယ်ချင်းတစ်ဖြစ်လဲ ချစ်သူအဖြစ် တင်တင် ချစ်၍မရဟုထင်သည်။ ထွားထွားက တင်တင့်ကို အဟင့်.. အဟင့် မောင်မောင်ရယ် လုပ်စေချင်သည်။ အတိုချုန်းလျှင် နှစ်လကျော်လောက်ကြာတော့ တင်တင် ရည်းစားဖြတ်စာ ထွားထွားထံပို့လိုက်သည်။ အမှန်တော့ တင်တင် စာပို့ဖို့ကို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေခဲ့သည်မှာ အတန်ကြာသည်။ တင်တင့်ကြောင့် တစ်ပါးသူ ရှေ့တန်းသွားနေတဲ့ကာလမှာ စိတ်ဖိစီးမှု မဖြစ်စေလိုသောကြောင့်ပါ။ ငရဲကြီးမှာလည်း စိုးသည်။ ဒါပေမယ့် တင်တင်မတတ်နိုင်ပါ။ ဒိထက်ကြာလျှင် ပိုခက်မည်။ ကြိုးရှည်ရှည်နှင့် လှန်သည်ဖြစ်မည်။
ထွားထွားသည် တင်တင့်စာရတော့ ဖုန်းဆက်လာသည်။ အသံက အတော် အေးစက်နေသည်။ နောက်ဆုံးပြော ခဲ့တဲ့စကားကတော့
“နင့်ကို ငါသူငယ်ချင်းအဖြစ်သဘောထားနိုင်တဲ့နေ့မှ ငါပြန်စကားပြောမယ်”

အမှန်အတိုင်း ဝန်ခံရလျှင် ထိုအချိန်က တင်တင့်မှာ သူ့ကိုအတော် စိတ်ပူခဲ့သည်။ အရက်မူးပြီး ရှေ့တန်းတွင် အမှားလုပ်မည်ကို စိုးရိမ်သည်။ ဒါပေမယ့် အသံအေးစက်စက်နဲ့ ကလေးတွေလိုဆို နင့်ကိုငါမခေါ်တော့ဘူးလို့ ပြောခံလိုက်ရတာကို အတော်ဝမ်းနည်းသည်။ တင်တင့်မှာ အချစ်ဆုံးသူငယ်ချင်းကို အလကားနေရင်း ရည်းစားထားလိုက်လို့ ဆုံးရှုံးရသည်။ နှမြောမိပါသည်။

ဆရာမောင်မောင်ထွတ်ကတော့ တင်တင့် အချစ်ဆုံးသူငယ်ချင်းကို သဘောကျနေသူဖြစ်သည်။ တင်တင်နှင့်တော့ သံယောဇဉ်အတော်ရှိသည်။ ခက်သည်က ဆရာက ရုပ်ဆိုးရှာသည်။ တင်တင့်သူငယ်ချင်းမှာ ဆရာ့ကို ကုသမင်း အလား ခါးခါးသီးသီး မနှစ်မြို့ပါ။ တင်တင် ဆရာ့ကို သနားသည်။ အတော်လေး ကိုယ်ချင်းစာမိသည်။ တင်တင့်အချစ်ဆုံး သူငယ်ချင်းမှာ ငယ်ငယ်ချောချောကိုမှ နှစ်သက်သည်။ ခက်သည်။ တင်တင်ကတော့ ဆရာမောင်မောင်ထွတ်သာ တင်တင့်ကိုချစ်လျှင် လက်ထပ်ချင်သည်။ ဆရာ့အပေါ် မေတ္တာအပြည့်အဝထားနိုင်သည်။ ဆရာကတော့ တင်တင့်ကို ဘယ်တော့မှ မချစ်ပါ။

နောက်ဆုံးတစ်ယောက် မောင်မြေဇာကိုတော့ တင်တင်ဂရုဏာသက်သည်။ တင်တင် တတ်နိုင်သလောက် မြေတောင်မြှောက်ပေးချင်သည်။ မောင်မြေဇာတက်ချင်သည့် ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ကို တက်နိုင်ရန် ကြိုးစား၍ အချက်အလက်တွေစုဆောင်းပေးသည်။ မောင်မြေဇာ့ အစ်ကိုမှာ အေအိုင်ဒီအက်စ်ဆိုသည့် ဝေဒနာခံစားနေရသည်။ ထို့ကြောင့် ပို၍ပင် ဂရုစိုက်သည်။ သို့သော် မောင်မြေဇာကို တင်တင်မချစ်ပါ။ မောင်မြေဇာသည် တင်တင့်ကို ရည်းစားအဖြစ်သာထားသည် တင်တင့်ရှေ့တွင် အခြားကောင်မလေးများနှင့် ရည်းစားစာ အပြန်အလှန်ရေးပို့သည်။ ထို့အပြင် ငွေဖြုန်းသည်။ ဂိမ်းဆိုင်မှာ မိုးလင်းပေါက်ဆော့သည်။ တင်တင် ငွေ အတော်ကုန်ခဲ့သည်။ တင်တင်က “ဆံဆံထိ ဓားကြည့်” ဆိုသည့် လူစားမျိုး။ (ဆံဆံ ဆိုသည်မှာ ပိုက်ဆံကိုဆိုလိုသည်။) ကြာတော့ တင်တင်လည်း မနိုင်တော့။ တင်တင့်မှာငွေက အဲဒီလောက်ရှိသည်မဟုတ်။ ထို့ကြောင့် တင်တင် မောင်မြေဇာကို အဆက်အသွယ်မလုပ်တော့။ တင်တင်မုန်းသွားတာဆိုလည်း ဟုတ်သည်။ တင်တင် မောင်မြေဇာကို အတော်မုန်းသည်။ မောင်မြေဇာနှင့် တင်တင် ရည်းစားသက်တမ်းမှာ နှစ်လကျော်မျှသာကြာခဲ့သည်။
တင်တင့်ကံမှာ "ကောလိုက်တဲ့ကံ" ဟု ဆိုသကဲ့သို့ ကံ မှာအတော်ပင် သေးနုံညံ့ဖျင်းလှပါသည်။ အချစ်ကံခေသည်။

အခန်း (၈) တင်တင်၏ ရွှေရောင်နေ့ရက်များ

၂ဝဝ၆ ခုနှစ် ဇွန်လ

ကိုဝင်းဦး ရန်ကုန်သို့ ခဏတဖြုတ်ပြန်လာပါသည်။ တင်တင့်မှာ အတိုင်းထက်အလွန် ပီတိ ဂွမ်းဆီထိ တအိအိဖြစ်ရပါသည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။
ဇွန် ၃ဝ ရက်နေ့မှာတော့ ကိုဝင်းဦးနှင့် ဆုံတွေ့သည်။ တင်တင့်မှာလေ ဒူးများတုန်လိုက်သည့်အဖြစ် အိနြေ္ဒအတော်ဆည် ယူရသည်။ ကိုဝင်းဦး သိဟန်မပေါ်သည်က တော်လှပြီ။ တင်တင်တို့ ရန်ကင်းစင်တာ ဖီးလ်စားသောက်ဆိုင်မှာ ကော်ဖီသောက်ကြသည်။ ထိုအချိန်က တင်တင် ပညာသင်ဆုလျှောက်ရန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးသည်။ ကိုဝင်းဦးမှာ လူကြီးလူငယ် ကျားမ မရွေး အင်တိုက်အားတိုက် ကူညီတတ်သူဖြစ်သည်။ လူငယ်လေးများ ကြိုးစားလျှင် အားပေးသည်။

ထိုအချိန်က ကိုဝင်းဦးကိုတွေ့ရသည်မှာ ဆံပင်ကဖြူကောက်နေသည်မှာ ကြာဆံကြော်နှင့်တူသည်။ လူကတော့ အရင်ကအတိုင်း ဗိုက်ရွှဲရွှဲ တင်ကားကား ဖြစ်သည်။ ကော်ဖီသောက် စကားပြောနေခိုက် တင်တင့်မှာ ကိုဝင်းဦးကို မသိမသာ ချောင်းချောင်းကြည့်သည်။ ခေါ်တောအကြည့် ကြည့်၍မဖြစ်။ အမှန်အတိုင်းပြောရလျှင် တင်တင်သည် စတွေ့သည်နှင့် ပြေးဖက်လိုက်ချင်သည်။ စိတ်ထိန်းရသည်မှာ ပင်ပန်းလှသည်။ ကော်ဖီသောက်ရာမှတဆင့် ကြေးအိုးသွားစားကြသည်။ ကိုဝင်းဦးရှေ့တွင် အစားမဝင်ပါ။ ကြေးအိုးမှာ တင်တင့် အကြိုက်ဆုံးအစားအစာဖြစ်သည်။ သူငယ်ချင်း၊ မိသားစုနှင့် စားလျှင် တင်တင့်အတွက် တစ်ပွဲက မလောက်နိုင်။ သူများဆီ အစားမျှော်ရသည်။ တင်တင့်မောင်လေးဆိုလျှင် တင်တင့်ကို သနား၍ စားမည့်ထဲမှ ခွဲကျွေးတတ်သည်။ ကိုဝင်းဦးနှင့်တော့ တင်တင် ဘယ်လိုမျှစားမရ။ ဟိုမွှေ ဒီမွှေနှင့် ဝက်သားဖတ် နှစ်ဖတ် သုံးဖတ်လောက်ပဲ စားနိုင်သည်။
ကိုဝင်းဦးမျက်လုံးလေးများကို တင်တင်ချစ်သည်။ ကြည့်လျှင် ဓာတ်လိုက်သည်။ ကိုဝင်းဦးမှာ စကားပြောလျှင် မျက်စောင်းထိုးသကဲ့သို့ မျက်လုံးကို မှေးစဉ်းပြီး ပြောတတ်သည်ကို သတိပြုမိသည်။ မျက်လုံးထောင့်လေးတွင် အနီစက်လေးရှိသည်။ ကိုဝင်းဦးလက်ချောင်းလေးများမှာ အတော် တုတ်ခိုင်သည်။ မောင်ဗမာ ကျော်တင့်ကဲ့သို့ အယ်စတုံ ကြွက်သား အဖုအထစ်များ မရှိသော်လည်း ဖက်တီးလေးဖြစ်၍ ဗလ အသင့်အတင့်ရှိသည်။ တင်တင်သည် ခဏတဖြုတ်တွေ့ရသည့်ကာလအတွင်း တတ်နိုင်သလောက် အကုန်မှတ်သားသည်။ ထို့နောက် တင်တင့်ကို အိမ်ပြန်ပို့ချိန် ရောက်လာပါတော့သည်။

တင်တင့်မှာ အခါအခွင့်သင့်သလား အကြောင်းဖန်သလားတော့မသိပါ ကိုဝင်းဦးသည် အလုပ်တစ်ခုလုပ်ရန်အတွက် ကမ်းလှမ်းလာသည်။ ထိုအချိန်က တင်တင်သည် အလုပ်ထွက်ထား၍ ကိုဝင်းဦးကို အပြည့်အဝကူညီနိုင်သည်။ ကိုဝင်းဦးမှာ တစ်နေ့ ၁ဝ ဒေါ်လာနှုန်းဖြင့် အလုပ်လက်မဲ့ တင်တင့်ကို အခေါ်ခိုင်းပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် တင်တင်သည် ငွေရ၍တစ်ကြောင်း ကိုဝင်းဦးနားနေရသောကြောင့်တစ်ကြောင်း ပျော်၏။

အခန်း (၉) အချစ်များပြည့်နှက်နေသည့် တင်တင်

ကိုဝင်းဦးကို အလုပ်ကူလုပ်ရင်း တင်တင့်မှာ တစ်နေ့တစ်နေ့ ကိုဝင်းဦးကိုပဲ တွေ့ချင်နေမိသည်။ လုပ်ငန်းပြီးမြောက် သွားသည့်နေ့တွင် ကိုဝင်းဦးသူငယ်ချင်းနှစ်ယောက်နှင့် ညနေစာအတူစား၊ ကာရာအိုကေ ဆိုကြပါသည်။ တင်တင်သည်ကိုဝင်းဦးကို ချစ်လွန်း၍ “Truly, Madly, Deeply” ဆိုသည့် သီချင်းလေးဆိုပါသည်။ အလုပ်ကိစ္စရှိနေတော့ ကိုဝင်းဦးနှင့် တင်တင်မှာ ကောင်းကောင်းစကားပြောချိန်မရပါ။
ထို့နောက် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကိုဝင်းဦးမှ ညနေစာအတူစားရန်လာခေါ်ပါသည်။ တင်တင့်မှာ အတော်ရင်ခုန်ရပါသည်။ ပြာကလပ်စိန်ဝမ်းသာနေလို့မဖြစ်။ တည်ငြိမ်ရမည်။ တင်တင်တို့ မစ်စတာဂစ်တာ (Mr. Guitar) သွားကြပါသည်။ အမှတ်တရကတော့ Margarita လေးသောက်ကြချင်းပင်ဖြစ်သည်။ တင်တင် အတော်ကြိုက်ပါသည်။ တင်တင်သည် အရက်ကြိုက်သည်။ မသောက်ဖူးသည်များကို မြည်းစမ်းချင်သည်။ ကိုဝင်းဦးမှာ Margarita လေး တင်တင့်အတွက်မှာပေးပါသည်။ ကိုဝင်းဦးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်တင့်ကျောင်းကိစ္စ စသည်ဖြင့် တောင်တောင်အီအီ ထွေရာလေးပါး ဆွေးနွေးကြပါသည်။ တင်တင် နှစ်ခွက်မြောက်သောက်နေချိန်တွင် ကိုဝင်းဦး ရှုရှုးထပေါက်ပါသည်။ ထို့နောက် ခုံတွင်ပြန်အထိုင်မှာ တင်တင့်ကို
“သိပ်ချစ်တာပဲ တင်တင်ရယ်” ဟုရုတ်တရက်ပြောလာသည်။

စဉ်းစားကြည့်ပါ တင်တင် ဘယ်လောက်များ အံ့သြလေမလဲလို့။ တင်တင့်ရင်ထဲ ဗျောက်အိုး တစ်သိန်းလောက်ဖောက် သည်ပေါ့။ တင်တင် ချက်ချင်းပဲ ကိုဝင်းဦးလက်ကို ကိုင်ပါသည်။

“အကို တကယ်ပြောတာလားဟင်”

ထို့နောက် တင်တင်တို့ ပြန်လာကြပါသည်။ မစ်စတာ ဂစ်တာနှင့် တင်တင့်အိမ်မှာ သိပ်မဝေးလှ။ တင်တင့်မှာလေ ဝေးဝေးသွားမိ ကောင်းသားဟုတွေးသည်။ ကိုဝင်းဦးနှင့် ကြာကြာတွေ့ချင်သည်။ အပြန်လမ်းမှာတော့ ကိုဝင်းဦးက

“ကိုယ့်ကို ချစ် မချစ်ဖြေပါဦး”

တင်တင့်မှာ စကားလုံးများက လည်ပင်းတစ်နေသည်။ တင်တင့်အိမ် ခြံတံခါးရှေ့ရောက်တော့ တင်တင် စိတ်မထိန်းနိုင်တော့ပါ။ ကိုဝင်းဦးကို ဖက်နမ်းလိုက်သည်။ တင်တင်ဖက်နမ်းချင်သည်မှာကြာပါပြီ။ တင်တင့်မှာ ပျော်လည်းပျော်။ လှပတဲ့စကားလုံးလေးတွေလဲ မရွေးတတ်။ ဒါ့ကြောင့် ဖက်နမ်းလိုက်သည်။ တင်တင်တို့နှစ်ယောက် ချစ်သူများဖြစ်ပြီ။

အခန်း (၁ဝ) စိုးရိမ်စိတ်ကြီးသော တင်တင်

ကမ္ဘာကြီးကား ကျဉ်းလှသည်။ ကိုဝင်းဦး၏ ရည်းစားဟောင်းများထဲတွင် တင်တင့်ဦးလေး၏ မိန်းမပါသည်။ တင်တင်နှင့် အစ်ကိုရင်းလို ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် ကိုချက်ကလော့၏ညီမက တင်တင့်မတိုင်ခင် ကိုဝင်းဦး၏ ချစ်သူဖြစ်ပါသည်။ ကိုဝင်းဦးတွင် ရည်းစားဘယ်နှစ်ယောက်ရှိခဲ့လဲဆိုတာကတော့ ကိုဝင်းဦးရဲ့ ကိုယ်ရေးကိုယ်တာဖြစ်၍ မဖော်ပြလိုပါ။

ဘယ်လိုဖြစ်ဖြစ် တင်တင့်မှာ ပျော်ပဲပျော်နေသည်။ ကိုချက်ကလော့နှင့် ယခင်ကအတိုင်း တင်တင့်ချစ်သူရကြောင်း ကြွားသည်။ ကိုချက်ကလော့မှာ တင်တင့်ကို ညီမအရင်းသဖွယ်ခင်မင်သည်။ တင်တင့်ကို ပုပု ဟုခေါ်သည်။
“ကိုဝင်းဦးက သိပ်ဒေါသကြီးတယ် ပုပုရဲ့။ ကိုယ့်ညီမလေးနဲ့ဆို တစ်ခါတစ်လေ ဖုန်းပြောရင်း စကားများရင် ဖုန်းက ဘာမှဆက်မပြောတော့ဘဲ ချပစ်တာ။ ညီမလေးက ပုပုလိုပဲ ပျော်ပျော်နေသမားလေ။ ဒါပေမယ့် ကြာတော့လည်း သည်းမခံနိုင်တော့လို့ ပြတ်ကြတယ်။ ကိုဝင်းဦးက သူငယ်ချင်းဆိုကောင်းတယ်။ ရည်းစားဖြစ်ရင် မကောင်းတော့ဘူး။ ပြောင်းသွားတယ်လို့ပြောတယ်။”

တင်တင့်မှာ ထိုကဲ့သို့ကြားသိရသောကြောင့် ကိုဝင်းဦးကို ဒေါသမထွက်အောင် သတိထားနေထိုင်မည်ဟု ဆုံးဖြတ်သည်။
ကိုဝင်းဦးမှာ တင်တင်နှင့်ချစ်သူများဖြစ်ပြီးသည့် နောက်တစ်ရက်တွင် အလုပ်ကိစ္စနှင့် နိုင်ငံခြားခဏသွားရသည်။ တင်တင့်မှာ အားရအောင်ပင်မချစ်ရသေး ချစ်သူနှင့် ခွဲခွာရသည်။

ကိုဝင်းဦးမှာလည်း အမေရိကားမပြန်ခင် တွေ့ရမည့် သူငယ်ချင်းမိတ်ဆွေများကလည်း အပုံလိုက်။ တင်တင်နှင့်တော့ အဆင်ပြေရင်ပြေသလိုတွေ့ပါသည်။

တင်တင်နှင့် ကိုဝင်းဦးဆုံတွေ့ချိန် ကာလက တိုတောင်းလှသောကြောင့် တစ်ယောက်ကို တစ်ယောက်နားလည်ရန် အင်မတန်ခက်ခဲပါသည်။ ကိုဝင်းဦး၏ ဒေါသများကို စတင်ခံစားရပါပြီ။

တင်တင် ကိုဝင်းဦးကို များသောအားဖြင့် ကြောက်သည်။ ကိုဝင်းဦးမှာ ဒီတစ်ခါတော့ ကာတွန်းအောင်ရှိန်ရဲ့ ဦးစိတ်တို နှင့် အတော်တူသည်။ တခါတရံ တင်တင့်ကို နှိမ်သည်။ အထင်သေးစွာဖြင့် ဆက်ဆံသည်။
တင်တင်သည် ရန်ဖြစ်သည်ကို မကြိုက်။ ငယ်ငယ်မှစ၍ မိဘများရန်ဖြစ် စကားများကြလျှင် တင်တင် စိတ်ညစ်သည်။ စကားပြောလျှင် မာမာကြောကြောပြောသည်ကို မနှစ်မြို့။ သတိထားမိသည်က ကိုဝင်းဦးကို ကြောက်လေ တင်တင် အမှားလုပ်မိလေဖြစ်သည်။ တင်တင်သည် ငယ်စဉ်ကတည်းကပင် သူငယ်ချင်းများကြား၌ အလျှော့ပေးဆက်ဆံသည်မှာ အကျင့်ဖြစ်နေပြီ။ တစ်နေရာရာသွားချင်လျှင် တင်တင့်ဆန္ဒကို ဦးစားပေးလေ့မရှိ။ သူငယ်ချင်းများသွားမည့်နေရာကို များသောအားဖြင့် လိုက်လျောသည်။ တင်တင့်အတွက် အချင်းပွား စကားများရမည်ဆိုလျှင် ဘာမှမလုပ်ချင်။
ကိုဝင်းဦးနှင့်ကျတော့ ချစ်သူဖြစ်သောကြောင့် သာလို့တောင်မှ အချင်းမပွားချင်။ ကိုဝင်းဦးဆန္ဒလေးများဖြည့်ရလျှင် တင်တင် ပြေလည်သည်။ ဒါကို ကိုဝင်းဦးက မကြိုက်။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူစရာမလို အကြိုက်ချင်းအမြဲတူနေတာလည်း မဖြစ်နိုင် ဒါကြောင့် တင်တင့်ဆန္ဒမဖော်ထုတ်သည်ကို အားမလိုအားမရဖြစ်သည်။ တင်တင့်ကို ရုပ်ဝတ္ထုဆန်သည်ဟု မြင်သည်။

မှတ်မှတ်ရရ တစ်ခါပဲ စမ်းပြီးဆန္ဒဖော်ထုတ်ကြည့်ဖူးသည်။ ထိုနေ့က ကိုဝင်းဦးနှင့်အတူ အလုပ်ကိစ္စနှင့် မြို့ထဲသွားကြသည်။ တင်တင့်မှာ မိန်းမဆန်ဆန် နှလုံးသားရှိသူပီပီ ချစ်စနိုး ပြောလိုက်မိပါသည်။

“အကိုနဲ့ တင်တင် တွေ့ရတဲ့အချိန် နည်းတယ်နော်”

ကိုဝင်းဦး ဘာပြောတယ်မှတ်သတုန်း။

“ဒါတော့ကိုယ်လဲမတတ်နိုင်ဘူး။ အခုလဲ အချိန်လုတွေ့နေတာပဲ။ မကြိုက်ရင် မတတ်နိုင်ဘူး”

တင်တင့်ရင်ဝဆောင့်ကန်လိုက်သလိုပါပဲ။ တင်တင် ဝမ်းနည်းရပါတယ်။ ကိုယ့်ကိုယ်ကိုလဲ အပြစ်တင်မိတယ်။ ဘာလို့များ ရှည်ကြောမိပါသလဲ။ ကိုဝင်းဦးခမျာ ဒေါသထွက်ပေတော့တယ်။

အခန်း (၁၁) တင်တင် သေချာပြီ

တင်တင်မှာ ရည်းစားထားလျှင် အိမ်က မိဘ သိမည်ကို မကြိုက်ပါ။ မသေချာဘဲ တင်တင့်မှာ အဖတ်တင်မှာစိုးသည်။ ပထမရည်းစား ထွားထွားတုန်းကတော့ မိဘများသိသွားခဲ့သည်။

တင်တင်သည် ထွားထွားကို မိဘများသိအောင်ပြောရလားဆို ရန်စောင်ခဲ့သည်။ အမှန်တော့ တင်တင့်ပရောဂကြောင့်သာ သိသွားခြင်းဖြစ်သည်။ ထိုအချိန်က တင်တင်သည် ဘီယာအလွန်ကြိုက်သည်။ ဘီယာ၏ အရသာကို ခံတွင်းတွေ့သည်။ တစ်ရက်တော့ တင်တင် သူငယ်ချင်းများနှင့် ရုံးဆင်းအပြန်တွင် ဘီယာသွားသောက်သည်။ ဘီယာနံ့ပျောက်ရန်စောင့်ရင်း ည ၁ဝ နာရီထိုးသွားသည်။ တင်တင့်ဖခင်မှာ အရက်ဆိုလျှင် အရက်ပါတဲ့ ချောကလက်တောင်စားသည်မဟုတ်။ ငယ်စဉ်ကထဲက အရက်လုံးဝမသောက်။ ဒါကြောင့် တင်တင် အဖေ့ကို အားနာသည်။ အမေ့ကိုတော့ကြောက်သည်။ ထိုညက အမေသည် ညနေ ၆ နာရီခွဲ ၇ နာရီလောက်မှစ၍ တင်တင်အိမ်ပြန်မရောက်သောကြောင့် တင်တင့် သူငယ်ချင်းများထံ တစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်သည်။ ထွားထွားမှာ ထိုနေ့က တင်တင့်ကို သူငယ်ချင်းနှင့် ချိန်းထားသည့် ဆိုင်တွင်နောက်ဆုံးပို့ပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးတော့ မတတ်သာတော့ဘဲ တင်တင်နှင့် ရည်းစားဖြစ်ကြောင်း အမေ့ကိုပြောပြလိုက်ရခြင်းဖြစ်သည်။
ကိုဝင်းဦးအပေါ်တော့ ထိုကဲ့သို့မဟုတ်။ ကိုဝင်းဦးကို မိသားစုနှင့် ရင်းနှီးစေချင်သည်။ တင်တင့်အတွက်တော့ နှစ်ဘက်မိသားစု အပြန်အလှန်ချစ်ခင်ရေးသည် အိမ်ထောင်တစ်ခုအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်သည်။ ထို့ကြောင့် ကိုဝင်းဦးကို အိမ်လည်ခေါ်ပါသည်။ တင်တင့်အစ်မယောကျာ်းနာမည်နှင့် ကိုဝင်းဦးမှာ အတူတူပင်ဖြစ်သည်။

ဒီလိုနဲ့ပဲ ကိုဝင်းဦးမှာ သူငယ်ချင်းများနှင့် ခရီးထွက်လိုက် အလုပ်ကိစ္စများလိုက်နှင့် အမေရိကားပြန်ရမည့်အချိန် ရောက်လာပါတော့သည်။

အခန်း (၁၂) တင်တင်နှင့် တွေ့ဆုံညှိနှိုင်းခြင်း

ကိုဝင်းဦးမရှိတော့ အတူနေခဲ့တဲ့အချိန်လေးတွေကိုပဲ ပြန်လည်တမ်းတ တသသ တွေးနေမိသည်။
ကိုဝင်းဦးနှင့် အပျော်ဆုံးအချိန်များကတော့ အတူဘီယာသောက်ချိန်လေးများပင်ဖြစ်သည်။ ကိုဝင်းဦးသည် မူးလျှင်ပို၍ ချစ်ဖို့ကောင်းသည်။ ဒေါသကင်းစင်သည်။ တင်တင့်ကို ပိုချစ်သည်ဟုထင်ရသည်။ ထို့ကြောင့် ကိုဝင်းဦးမူးလျှင် တင်တင် ပျော်သည်။ တင်တင့်ကို ချစ်စနိုး “အသောက်မ” ဒါမှမဟုတ် “ချစ်မဝ” ဟုခေါ်သည်။
အမြဲပဲ မူးနေပါတော့လား ကိုဝင်းဦးရယ်။

မှတ်သားစရာကိုဝင်းဦးစကားလေးတစ်ခွန်းကတော့ “ကလေးအတွက် ကလေးအမေရဲ့ ပညာရေးက အရေးကြီးတယ်”
တင်တင်လက်ခံပါသည်။ ဒါပေမယ့် တင်တင်ကတော့ ပညာခေါင်ခိုက်တတ်နေပြီး ကလေးမပြုစုနိုင်လောက်အောင် အလုပ်များသူတော့ မဖြစ်လိုပါ။ တင်တင့်ကလေးများကို ကိုယ်တိုင်ကိုယ်ကျပြုစုချင်သည်။ တင်တင့် ဘဝအစဉ်အစဉ်ဇယား အရဆိုလျှင် တင်တင်သည် ကလေးမွေးပြီး ၂ နှစ်အတွင်းကတော့ အိမ်ပြင်ထွက်အလုပ်လုပ်မည်မဟုတ်။ အိမ်တွင်းကနေပြီး လုပ်လို့ရတဲ့အလုပ်တစ်ခုခု ရှာမည်။ ကလေးကို နို့ချိုသေချာတိုက်ကျွေးမည်။ ကလေးကို နို့ဗူးနှင့်တော့ မထားနိုင်။

ဘယ်လိုပဲဖြစ်ဖြစ် တင်တင်ကြိုးစားသည်။ ဘွဲ့လွန်ပြီးလျှင် ပါရဂူလည်းဆက်ကြိုးစားမည်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့ အခါမှာတော့ ကိုဝင်းဦးသည်သာလျှင် နံပါတ် တစ် ဖြစ်သည်။ ကိုဝင်းဦးပေါ်မူတည်၍ ဆုံးဖြတ်ချက်ကို ပြင်သင့်ပြင်ရမည်။ ဘဝကား တိုတောင်းလှ၏။

အခန်း (၁၃) အလွမ်းပင်လယ်ထဲမှ တင်တင်

ကိုဝင်းဦးနှင့် ပတ်သက်သည်များကို တင်တင် တစ်ခုချင်းစီ အမှတ်ရသည်။ ကိုဝင်းဦး၏ အဆူအဆဲများကိုလည်း မမေ့နိုင်။
တင်တင်သည် ယခင်ကဆိုလျှင် ရည်းစာထားသည့်ကိစ္စကို သူငယ်ချင်းများကို ရင်ဖွင့်လေ့ရှိသည်။ ကိုဝင်းဦးကိုတော့ တင်တင်သည် ကိုယ့်ရဲ့လင်ယောက်ျားလောင်းအဖြစ်သဘောထားသည်။ သူငယ်ချင်းများနှင့် ရင်ဖွင့်ရသည်မှာ ခပ်ပေါ့ပေါ့ ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့် မိခင်ကိုသာလျှင် တင်တင် နှင့် ကိုဝင်းဦးအကြောင်းများကို ပြောလေ့ရှိသည်။ တင်တင်သည် မိမိကိုယ်မိမိ အိမ်ထောင်ရှင်မလောင်းအဖြစ်ခံယူသည်။ ကလေးကလားစကားများ မပြောလိုပါ။

တင်တင် ကိုဝင်းဦးနှင့် ဖုန်းပြောလျှင် ရှေ့တွင်မိဘများရှိသည် ကြီးဒေါ်အဖွားရှိသည် မရှောင်တော့ပါ။ တင်တင် ရင်တွင်းရှိ ချစ်စကားများကို အရှက်အကြောက်မရှိ ပြောသည်။ တင့်တင့်မှာ နေမကောင်းတဲ့ ကြီးဒေါ်တစ်ယောက်ရှိပါသည်။ ကြီးဒေါ်၏ ရောဂါမှာ တင်တင့်ရောဂါအုပ်စုနှင့်တူသည်ဟု ပြောသည်။ Autoimmune Rheumatic Disorder/Systemic Lupus Erythematosus (SLE) ရောဂါဟု ပြောပါသည်။ ကြီးဒေါ်မှာ ထိုအချိန်က တင်တင်တို့အိမ်တွင် လာအနားယူနေချိန်ဖြစ်သည်။ ကြီးဒေါ်ကတော့ ကောက်ချက်ချသည် "ဒီတစ်ခါတော့ ငါ့တူမကြည့်ရတာ အမှန်ပဲထင်တယ်ဟေ့"

တင်တင့်အတွက် သာမာန်ဆိုလျှင် လူတစ်ယောက်ရှေ့ရှိနေလျှင် ဖုန်းပြောရန် ခက်သည်။ ကိုဝင်းဦးနှင့်တော့ ရှက်ကြောက်နေလို့မဖြစ်။ ကိုဝင်းဦးသည် ကြာကြာနေမည့်သူမဟုတ်။ တိုင်းတပါးဌာနေကို ပြန်ရမည်။ တင်တင့်ချစ်စကားလေးများ ကိုဝင်းဦးကိုကြားစေချင်သည်။ အချိန်ကာလတိုလေးအတွင်း တင်တင်ဘယ်လောက် ချစ်ကြောင်းပြရသည်မှာ လွယ်သည့်ကိစ္စတော့မဟုတ်။ လွဲချော်က ကိုဝင်းဦး စိတ်ပျက်ပေမည်။ ထို့ကြောင့် သတိကပ်ရသည်။

ကိုဝင်းဦးသည် ကျန်းမာရေး သိပ်ကောင်းဟန်မတူပါ။ ဒေါသရှေ့ထားသူဆိုတော့ အမောဖောက်တတ်သည့် သဘောရှိသည်။ တင်တင့်ရင်တွင်းမှာတော့ ကိုဝင်းဦးကို ဘယ်လိုဘယ်ပုံ ပြုစုမလဲ အမြဲတွေးနေမိခဲ့သည်။ တင်တင်သည် တခါတရံ ကိုဝင်းဦးကို သားလေးတစ်ယောက်ကဲ့သို့ ချစ်ချင်သည်။ တင်တင့်ထက် အသက်အင်မတန်မှ ကြီးသော်လည်း တင်တင်သည် ကိုဝင်းဦးကို သားကလေးတစ်ယောက်လို ထွေးပွေ့ချင်သည်။ တစ်ခါတော့ တင်တင် ရုတ်တရက် အမှတ်မထင် ကိုဝင်းဦးကို “သားလေးရယ်” လို့ ခေါ်လိုက်မိသည်။ ကိုဝင်းဦး ဒေါပွပါသည်။ “ကိုယ့်ကို အဲလိုခေါ်တာ နှိမ့်ချသလိုပဲ” ဟုပြောသည်။ တင်တင် နှိမ်လိုတဲ့ဆန္ဒမရှိခဲ့ပါ ချစ်တာတစ်ခုပဲ ရှိပါသည်။ မဆင်မခြင်ပြောလိုက်မိသည့် အတွက် နောင်တရမိပါသည်။
တင်တင်သည် ကိုဝင်းဦးကို ချစ်စနိုးဖြင့် “အကို” ဟုခေါ်သည်။ တင်တင့်အတွက် အကို လို့ခေါ်ရတိုင်း ပီတိဖြစ်ရသည်။ ကြည်နူးသာယာလှသည်။ ကိုဝင်းဦးကတော့ တင်တင့်ကို နာမည်ရင်းပဲ ခေါ်ပါသည်။

အခန်း (၁၄) ကမ္ဘာတစ်ဘက်ခြမ်းမှ ချစ်သူနှင့် ပြန်လည်နီးကပ်သော တင်တင်

ကိုဝင်းဦးမှာ ၂ဝဝ၆ သြဂုတ်လတွင် စတိတ် (အမေရိကား) သို့ ပြန်သွားပါသည်။ ကိုဝင်းဦး ခွဲခွာပြီး နှစ်လလောက်နေတော့ တင်တင်လည်း နိုင်ငံခြားမှာသင်တန်းသွားတက်ရပါသည်။ တင်တင့်မှာ ကိုဝင်းဦးနှင့် ဆက်သွယ်မှု လွယ်ကူတော့မည်ကို တွေး၍ အတိုင်းထက်အလွန် ဝမ်းသာရပါသည်။
တင်တင့်အတွက် ထိုသင်တန်းမှာ ဘဝအတွက် အပြောင်းအလဲများဖြစ်စေသည့်အရာများထဲမှာ တစ်ခုအပါအဝင် ဖြစ်သည်။ မိတ်ဆွေသစ် အများအစား တိုးချဲ့နိုင်ခဲ့သည်။ ချစ်ခင်စရာကောင်းသော ဆရာ ငါးယောက်နှင့်ဆုံခဲ့သည်။ ထိုဆရာများသည်လည်း တစ်ဘက်က ကိုဝင်းဦးနှင့် ခင်မင်သူများဖြစ်သည်။ ဆရာ ငါးပါး၏ ဂိုဏ်းချုပ်မှာ ဆူဆူဖြိုးဖြိုး ခန့်ခန့်ညားညား မဟာဘောဂဗေဒ ပညာရှင် ကိုဖိုးတုတ် ဖြစ်သည်။
တစ်ဆက်တည်းမှာပဲ ငါးခြောက်ဖုတ် သည်လည်း သင်တန်းသားတစ်ယောက်ဖြစ်ပါသည်။
တင်တင်သည် ယခင်က နိုင်ငံခြားတစ်ခါမှမရောက်ဘူးသောကြောင့် တစ်ယောက်တည်း အပြင်ထွက်ရမည်ကို ကြောက်ပါသည်။ ကိုဝင်းဦး၏ စတိတ် (အမေရိကား) ပေတံနှင့် တိုင်းတာသော် တင်တင်သည် အတော်ညံ့ဖျင်းသော အမျိုးသမီး ဖြစ်ပေမည်။ တင်တင့်မှတော့ ထိုအချိန်က ကြောက်သော်ငြားလည်း ကိုဝင်းဦးကို ချစ်စိတ်က ပြင်းထန်သည်။ အင်တာနက်ဆိုင်သို့ တစ်ယောက်တည်း ကြောက်ကြောက်နှင့် သွားသည်။ အချစ်ရဲ့ အင်အားများကြောင့် တင်တင် အဆွဲခံရမှာပင် မကြောက်တော့။ ကိုဝင်းဦးနှင့် အဆက်သွယ်ရဖို့သာ ဦးတည်သည်။

အခန်း (၁၅) တင်တင်နှင့် ပဋိပက္ခများ

ကိုဝင်းဦးထံ ဖုန်းဆက်မည်ဟုချိန်းထားသောတစ်ညတွင် တင်တင် နောက်ကျမှ ဆက်လိုက်ရပါသည်။ ထိုညတွင် တင်တင့်မှာ ဧည့်သည်များနှင့် ထမင်းစားသည်မှာ ကိုဝင်းဦးထံ ဖုန်းဆက်ရန်သာ စိတ်စောနေခဲ့သည်။ သို့သော် အခြေအနေမပေး၍ တင်တင်ဖုန်းဆက်ရန် နောက်ကျသွားသည်။ ကိုဝင်းဦးမှာ တင်တင့်ကို အော်ပါတော့သည်။ တင်တင်မျက်ရည်များပင်လည်မိသည်။ တင်တင်သည် ကိုဝင်းဦး အော်သည့်အခါတိုင်း ပြန်လည် မတုံ့ပြန်လိုပါ။ ရန်မဖြစ်လိုပါ။ အပြန်အလှန် ရန်ဖြစ်က ပြတ်မည် သေချာသည်။
သင်တန်းတက်ပြီး တစ်လလောက်နေတော့ ကိုဝင်းဦးထံမှ တင်တင်နှင့် ငါးခြောက်ဖုတ်တို့ကို စတင်အထင်လွဲ ပါတော့သည်။ ငါးခြောက်ဖုတ်မှာ တင်တင့်ထက် အနည်းငယ် ငယ်ပါသည်။ တင်တင့်ကို ရောက်ကတည်းက အတော်ခင်ရှာသည်။ ငါးခြောက်ဖုတ်သည် သိမ်မွေ့သည်။ တင်တင့်ကို အစ်မတစ်ယောက်ကဲ့သို့ ချစ်ခင်သည်။ အလုပ်အကြောင်း သင်တန်းမှ သင်ခန်းစာများအကြောင်း တင်တင်နှင့် ဆွေးနွေးသည်။ ငါးခြောက်ဖုတ်သည် တင်တင် တစ်ယောက်တည်းကို အစ်မတစ်ယောက်ကဲ့သို့ ချစ်ခင်သည်မဟုတ် သင်တန်းတစ်ခုလုံးရှိ အမျိုးသား အမျိုးသမီး အားလုံးနီးပါးကို မောင်နှမများကဲ့သို့ ချစ်ခင်သည်။ မှတ်မှတ်ရရ သင်တန်းသားတစ်ယောက်ပြောဖူးသည်။

“ကိုငါးခြောက်ဖုတ်ကြီးကိုလေ မိန်းမတွေတင်မဟုတ်ဘူး ယောကျာ်းတွေကပါ ချစ်ကြတာ။ အဲလောက်ထိ ချစ်ဖို့ကောင်းတာ။”

တင်တင်သည် ထိုနေ့က သင်တန်းမှ သူငယ်ချင်းများနှင့် အတူရိုက်ထားသော ဓာတ်ပုံကို ကိုဝင်းဦးထံသို့ ပို့ပါသည်။ တင်တင့် သူငယ်ချင်းများကိုလည်း ကိုဝင်းဦးကို သိစေချင်သည်။ ကိုဝင်းဦးကတော့

“အဲဒီကောင်လေးနဲ့ တင်တင်နဲ့ ဘယ်လိုပတ်သက်နေလဲ။ ဟိုနေ့ညက အပြင်အထူထွက်ပြီး အိပ်ကြတယ်ဆို”
နောက်ဆုံး စကားစုကြောင့် တင်တင့် ဒေါသ ငယ်ထိပ်တက်ဆောင့်သည်။ မဆင်မခြင် ပြောရက်လေခြင်း။ ကိုဝင်းဦးရဲ့သံသယက အတော်ပြင်းထန်သည်။ ကိုဝင်းဦးနေရာတွင် အခြားသူဆိုလျှင် တင်တင် ဆက်လက်၍ ဆေးဖော်ကြောဘက် လုပ်တော့မည်မဟုတ်။ တင်တင်သည်ဤသို့ အစွပ်စွဲခံရခြင်းကို ဒေါသထွက်သည်။
အမှန်တော့ တိုက်ဆိုင်မှု ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ တင်တင်က အဒေါ်ရောက်သောကြောင့် ထိုနေ့ညက အဒေါ်နှင့် သွားအိပ်သည်။ ငါးခြောက်ဖုတ်ကတော့ အခြားမြို့တစ်မြို့ကိုသွားသည်။ တင်တင်တို့ သင်တန်းသားများနေရာ အဆောင်မှ အတူထွက်ခဲ့သည်။ ဤသည်ကို ကိုဝင်းဦးထံသို့ သင်တန်းသားများထဲမှ ကိုဝင်းဦးသူငယ်ချင်းက လှမ်းသတင်းပေးသည်။

ကံကြမ္မာက တင်တင့်အတွက် တစ်ကွက်ပေးခဲ့ခြင်းကြောင့် တော်သေးသည်။ တင်တင့်အဒေါ်မှာ အသက်လေးဆယ်ကျော် ဟော့ရှော့ တရုတ်မအပျိုကြီးဖြစ်သည်။ အဒေါ်က ဓာတ်ပုံရိုက်ဝါသနာပါသည်။ တင်တင့်မှာ အဒေါ့်ဓာတ်ပုံများထဲမှ လှလှပပ ပုံလေးတွေရွေးပြီး ကိုဝင်းဦးထံသို့ ဤအဒေါ်နှင့် အတူရှိကြောင်း ရန်ဖြစ်နေသည့်ကြားမှ ပို့ရသည်။ ကိုဝင်းဦးရဲ့ တုံ့ပြန်ချက်ကတော့

“ဘယ်ကတရုတ်မကြီးကို ရိုက်ပြီးပို့လိုက်တာလဲ”

အတော်သံသယကြီးသည့် ကိုဝင်းဦးဖြစ်ပါသည်။

တင်တင်လည်း တစ်ခွန်းသာပြောလိုက်ပါသည်။

“တခြားလူတွေဘာပြောပြော ဘာထင်ထင် တင်တင် စိတ်မဝင်စားဘူး အကို။ တင်တင့် မိဘတွေ အကြောင်းတိုက်ဆိုင်လို့ အခုလို သိသွားခဲ့ရင် တင်တင့် သိက္ခာကျတာထက် မိဘတွေ စိတ်မကောင်းဖြစ်မှာကိုပဲ စိုးရိမ်ပါတယ်။”

တင်တင် အတော်ဝမ်းနည်းရပါသည်။ တင်တင့်မှာ မိခင်ထံသို့ ငါးခြောက်ဖုတ်နှင့် အတူရိုက်ထားသည့် ဓာတ်ပုံကိုပို့၍ ကိုဝင်းဦး အထင်လွဲသည့်အကြောင်းကို ရင်ဖွင့်မိပါတော့သည်။

တင်တင့် မိခင်သာမက အစ်မဖြစ်သူကလည်း
“တင်တင်ရေ စိတ်ဆင်းရဲမနေနဲ့။ ကိုယ့်ကျန်းမာရေးသာ အရေးကြီးတယ်။ ယောက်ျားတွေက ဒါမျိုးချည်းပဲ။ အားရှိမယ့် အစာတွေစား ကျန်းမာအောင်နေ။ ဒါပဲအရေးကြီးတယ်”

မိခင်မှလည်း
“အသက်ကွာလွန်းရင် မကောင်းဘူး သမီးရဲ့။ အမေ့ကို ကြည့်ပါလား အဖေနဲ့ ၈ နှစ်လောက်ကွာတော့ စိတ်ဆိုးလည်း ယောက်ျားကို နင်မဲငဆ ရန်တွေ့လို့မရဘူးလေ။ အသက်သိပ်မကွာဘူး ရွယ်တူဆိုရင်တော့ ရန်ဖြစ်လိုက်လို့ရတာပေါ့။”
တင်တင့်ကို ဝိုင်းအားပေးကြပါသည်။

ဤသို့ဖြင့် သင်တန်းကာလတစ်လျှောက် ကိုဝင်းဦးနှင့် တင်တင်မှာ အချစ်နလံထလိုက်၊ ကိုဝင်းဦးမှ ဆူဆဲလိုက်နှင့် တင်တင့်မှာ အိမ်ပြန်ရက်သို့ ရောက်လာပါပြီ။ နောက်ဆုံးနေ့တွင်တော့ တင်တင် ကိုဝင်းဦးနှင့် ဖုန်းပြောသည့်အချိန်တွင် မျက်ရည်ကျပါတော့သည်။ တင်တင်ဝမ်းနည်းသည်။ မြန်မာပြည်ရောက်လျှင် အင်တာနက်အလွယ်တကူမရနိုင်တော့။ ကိုဝင်းဦးနှင့် ဝေးရမည့်အရေး တွေးကာ မျက်ရည်ကျလာပါတော့သည်။

အခန်း (၁၆) တစ်နေ့ရွှေ တစ်နေ့ငွေ တင်တင်

တင်တင့်မှာ မြန်မာပြည်ပြန်ရောက်ရောက်ချင်း ဆေးကုသမှု ခံယူရပါသည်။ တင်တင့်ကျန်းမာရေးမှာ ၂ဝဝ၆ ခုနှစ် ကိုဝင်းဦးနှင့် မတွေ့မီကာလမှစ၍ ဆိုးရွားခဲ့ခြင်းဖြစ်သည်။ တင်တင်နေမကောင်းကြောင်း ခဏခဏပြောသည်ကို ကိုဝင်းဦးပင် အတော်နားငြီးပေတော့မည်။ စိတ်ပျက်ပေမည်။ တင်တင့်မှာလည်း ဖြစ်သမျှအကြောင်း ကိုဝင်းဦးကိုသာလျှင် တိုင်ပင်ချင်သည်။ ကိုဝင်းဦးကို မိဘထက်ပင်ပို၍ ရင်းနှီးချင်သည်။ အခြားတစ်ဘက်ကလည်း မိမိရောဂါအကြောင်း ပြောဖန်များလျှင် ကိုဝင်းဦးမှ ကျန်းမာရေးမကောင်းသော မိန်းမတစ်ယောက်အဖြစ် ယူဆမှာလည်းစိုးရိမ်သည်။ မည်သူမဆို ကျန်းမာရေးကောင်းသူကိုသာလျှင် အိမ်ထောင်ဘက်အဖြစ်ရွေးချယ်ချင်ပေမည်။ ထို့ကြောင့် တင်တင် အတတ်နိုင်ဆုံး နေကောင်းအောင်ကြိုးစားသည်။ ကိုဝင်းဦးကို ပြုစုချင်သည်။ နောင်မွေးလာမည့် ကလေးများကို ယုယချင်သည်။ ထို့ကြောင့် တင်တင် ကျန်းမာမှဖြစ်မည်။ တင်တင့်ရောဂါမှာ တစ်နေ့နှင့်တစ်နေ့မတူ။ ထိထိမိမိ ပျောက်အောင် သောက်ရမည့် ဆေးလည်းမရှိ။ ရောဂါသက်သာရန်ထိန်းထား၍ပဲ ရသည်ဟု ဆရာဝန်ကပြောသည်။

တင်တင်သောက်ရသောဆေးများမှာ ပြင်းလွန်းသောကြောင့် ဆေးသောက်နေသည့်ကာလတွင် ကလေးမရနိုင်။ တင်တင်သည် တတ်နိုင်သမျှ ဆေးမသောက်ချင်ပါ။ သို့သော် တင်တင့်မှာ နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် ခန္ဓာကိုယ်လှုပ်ရှားဖို့ လိုအပ်သည်။ လှုပ်လိုက်တိုင်း နာကြင်ကိုက်ခဲမှုမရှိစေရန် ဆေးကို အမှီပြုရသည်။

အခန်း (၁၇) ကောင်ငယ်ချောလေး ငါးခြောက်ဖုတ်

သင်တန်းပြီး၍ မြန်မာပြည်ပြန်ရောက်သောအခါ တင်တင့်တွင် အလုပ်ကိစ္စတစ်ခုလုပ်ရန်အတွက် တင်တင့်ကို ကူနိုင်မည့်သူ အချောဆွဲရသည်။ ထိုအလုပ်မှာ တစ်ချိန်က ကိုဝင်းဦးမြန်မာပြည်ခဏပြန်လာချိန်တွင် လုပ်သည့်အလုပ်ပင်ဖြစ်သည်။ ကိုဝင်းဦးကတော့ တင်တင့်ကို ငွေပေးငှားခဲ့သည်။ တင်တင်ကတော့ ငါးခြောက်ဖုတ်ကို ကူညီရန် ငှားပါသည်။ တစ်ပြားမှ မပေးပါ။ ငါးခြောက်ဖုတ်မှ တတ်အားသ၍ ကူညီပါသည်။ တင်တင်ကတော့ အဓိက ပင်တိုင်ညွှန်ကြားသည်။

တင်တင်နှင့် အတူအလုပ်တွဲလုပ်သောကြောင့် ငါးခြောက်ဖုတ်မှာ တင်တင့် မိသားစုနှင့်ရင်းနှီးသည်။ တင်တင့်တွင် ရုံးအတိကျရှိသည်မဟုတ်သောကြောင့် တင်တင့် မိဘအိမ်သည်သာ တင်တင့်ရုံးဖြစ်သည်။ ငါးခြောက်ဖုတ်ကို တင်တင့် အစ်မက ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်အဖြစ် မြင်သည်။ (ငါးခြောက်ဖုတ်သည် ချောသောကောင်လေး ဖြစ်ပါသည်။) တင်တင့်မိဘနှစ်ပါးလုံးကတော့ ငါးခြောက်ဖုတ်ကို လူမှုရေး သိတတ်သော လူကြီးမိဘကို ရိုသေသော စံပြကောင်လေးအဖြစ်မြင်သည်။ ငါးခြောက်ဖုတ်အိမ်လာလည်ပြီး ပြန်သွားလျှင် တင်တင့်မောင်လေးသည် မကြာခဏအဆူခံရတတ်သည်။ တင်တင့်မှာ မောင်လေးတစ်ယောက်ရှိပါသေးသည်။ တင်တင့် မောင်လေးသည် ကွမ်းတစ်ဗြစ်ဗြစ်နှင့် ကွန်ပြူတာ ပရိုဂရမ်မာ အနုပညာသမားကြီး ဖြစ်သည်။ ကွမ်းစားလျှင် ဆေးလိပ်သောက်လျှင် ပရိုဂရမ် ပိုရေးလို့ကောင်းသည်ဟု ဆိုသည်။ မောင်လေးမှာ ညစ်ပတ်သည်။ ငါးခြောက်ဖုတ်မှာတော့ အပြင်ထွက်လျှင် လှလှပပ နေသည်။ အမေသည် မောင်လေးကို ငါးခြောက်ဖုတ်ကဲ့သို့ လိမ္မာစေချင်သည်။ ငါးခြောက်ဖုတ်ကို အမေက မော်ဒယ်ဘွိုင်းလေးကျနေတာပဲဟု အမြဲပြောသည်။ တင်တင့်မောင်လေးကျတော့ ငါးခြောက်ဖုတ်ကို စတွေ့တွေ့ချင်း ကတည်းမှစ၍ ခင်မင်သည်။ အိမ်လာလျှင် သူဆွဲထားသော ပရိုဂရမ်များကို အခန်းထဲခေါ်၍ ကြွားလေ့ရှိသည်။ ငါးခြောက်ဖုတ်မှာလည်း အားလုံးနှင့် ခင်မင်အောင် နေတတ်သည်။ တင်တင့်မိသားစုကို ချစ်ခင်သည်။

ငါးခြောက်ဖုတ်မှာ အပြောအဆို နူးညံ့သည်။ ဆဲဆိုသည့်စကားလုံးများပင် မပြောတတ်။ ငါးခြောက်ဖုတ်တို့ မိသားစုမှာ အေးဆေးလှသည်။ ငါးခြောက်ဖုတ်မှာ နေမကောင်းသည့် မိခင်အိုကြီးကို ၁ဝ နှစ်ကျော်မျှ ပြုစုခဲ့သည်။
တင်တင်နှင့် ငါးခြောက်ဖုတ် ဤကဲ့သို့ အလုပ်အတူလုပ်ရင်းနှင့်ပင် ပညာသင်ဆု အတူရကြသည်။ ငါးခြောက်ဖုတ်မှာ ယခင်က မကျန်းမာသော မိခင်ကြီးကို စိတ်မချသည့်အတွက် ဘွဲ့လွန်ဆက်တက်ရန် မကြိုးစားဖြစ်ပါ။ သို့သော် တင်တင်သည် ငါးခြောက်ဖုတ်ကို အကြံပေးခဲ့ဖူးသည်။

“ငါးခြောက်ဖုတ်ရယ် မိဘဆိုတာ သားသမီးတိုးတက်တာကို မြင်ချင်ကြတယ်။ ကိုယ်က ပညာပြည့်ဝမယ် တိုးတက်မယ်ဆိုရင် မိဘကို ဒိထက်ပိုပြီးတော့ ပြုစုနိုင်မယ် ဒါကိုစဉ်းစားပါ။ အမတော့ ငါးခြောက်ဖုတ်ကို ကျောင်းတက်စေ ချင်တယ်။”

ထို့နောက် တင်တင်တို့နှစ်ယောက် နိုင်ငံခြားတွင် ကျောင်းတက်ရန်ကြိုးစားကြပါသည်။ တင်တင်တို့ ပညာသင်ယူဖို့ ရွေးချယ်ခဲ့တဲ့ဒေသကတော့ ယခင်အတူသင်တန်းတက်ခဲ့တဲ့ ဒေသပင်ဖြစ်ပါသည်။ တင်တင်တို့ရဲ့ ဆရာ ငါးပါးရှိတဲ့နေရာဆိုလည်း ဟုတ်သည်။ တင်တင်တို့ရဲ့ ဒုတိယ မိသားစုရှိတဲ့ နေရာလေးလည်း ဖြစ်ပါသည်။

အခန်း (၁၈) အပြန်အလှန်ဖေးမကြသော တင်တင်နှင့် ငါးခြောက်ဖုတ်

တင်တင်တို့ မြန်မာပြည်မှ မထွက်ခွာမီတစ်လတွင် ငါးခြောက်ဖုတ် မိခင် ဆုံးပါးသွားပါသည်။ မဆုံးပါးမီညက ငါးခြောက်ဖုတ်မှာ သုသေသနကိစ္စနှင့် မွေးဇာတိရွာသို့ ထွက်သွားသည်။ မိခင်ဆုံးသည့် အချိန်တွင် ငါးခြောက်ဖုတ်သည် အနားမရှိခဲ့ပါ။ နောက်တစ်နေ့ရောက်တော့ ငါးခြောက်ဖုတ်မှာ တင်တင့်ထံသို့ အသံတုန်ရီစွာဖြင့်ပင် မိခင်ဆုံးကြောင်း လှမ်းပြောပါသည်။ မိခင်ကိစ္စအားလုံးပြီးတော့ တင်တင်တို့ ကျောင်းတက်ရန်အတွက် မြန်မာပြည်ကို ထွက်ခွာလာခဲ့သည်။

ငါးခြောက်ဖုတ်မှာ ယခင်က တင်တင့်ကို အစ်မ တစ်ယောက်လိုခင်မင်ရာက မိသားစုဝင်တစ်ယောက်ကဲ့သို့လည်းကောင်း မိခင်ကဲ့သို့လည်းကောင်း ခင်တွယ်လာသည်။ တင်တင့်မှာ ကျန်းမာရေးကလည်းမကောင်းပါ။ ငါးခြောက်ဖုတ်ရှိ၍ တင်တင်သည် ပညာကောင်းကောင်းသင်နိုင်သည်။ ကျောင်းသွားကျောင်းပြန် ငါးခြောက်ဖုတ်မှာ တင်တင့်ကို ဖေးမသည်။ ကျောင်းစစတက်ချင်းတွင် တင်တင်တို့ အတော်ရုန်းကန်ခဲ့ရသည်။ တင်တင်သည် ကျောင်းစာနှင့် ဝေးသည်မှာ ကြာပြီဖြစ်သည့်အတွက် နားလည်အောင် အတော်လုပ်ယူရသည်။

ငါးခြောက်ဖုတ်မှာလည်း နိုင်ငံခြားရောက်ပြီး မိခင်ကို သတိရ၍ နှစ်ကြိမ်တိုင် သည်းထန်စွာ ငိုကြွေးသည်။ ထိုအခါ တင်တင် အားပေးရပါသည်။

တင်တင်သည် ကျောင်းတက်နေသည့်ကာလပတ်လုံးတွင် ရောဂါပြင်းပြင်းထန်ထန် သုံးခါဖြစ်သည်။ ဖြစ်သည့်အခါတိုင်း ငါးခြောက်ဖုတ်မှာ အနီးကပ်ဒုက္ခခံရသူဖြစ်သည်။ တင်တင်သည် ခန္ဓာကိုယ်နာကျင်လွန်း၍ လမ်းမလျှောက်နိုင်။ ငါးခြောက်ဖုတ်သည် ဤနေရာတွင် တင်တင့်အစ်မဖြစ်သူနှင့် တူ၏။ တင်တင်နေမကောင်းလျှင် အစ်မဖြစ်သူပြုစုလေ့ ရှိသည်။ ငါးခြောက်ဖုတ်မှာ ဆေးပညာမတတ်သော်လည်း မေတ္တာရှေ့ထား၍ တင်တင့်ကို တတ်သလောက် မှတ်သလောက် ပြုစုသည်။

နောက်ဆုံးတစ်ခေါက်တော့ တင်တင်သည် ဆေးရုံမှ ဆေးမှားထိုးခံရသောကြောင့် တစ်ကိုယ်လုံး ဖောသွပ်ယောင်ကိုင်း လာသည်။ ထိုနေ့ညက တင်တင်သည် အတော်နေလို့မကောင်းပါ။ မနက်လင်းစပြုတော့ တင်တင်ခံနိုင်ရည်မရှိတော့ပါ။ ငါးခြောက်ဖုတ်အခန်းတံခါးခေါက်၍ ဆေးရုံလိုက်ပို့ရန် နှိုးရပါသည်။ ငါးခြောက်ဖုတ်မှာ လူရုပ်ပျောက်နေသော တင်တင့်ကိုကြည့်၍ ချုန်းပွဲချငိုပါတော့သည်။ တင်တင်က ပို၍ဝမ်းနည်းရပါသည်။ ကိုဝင်းဦးသာလျှင် တင်တင့်နားရှိလို့ကတော့ ရောဂါပျောက်ပြီဟု စိတ်ထဲတွေးသည်။

တင်တင်သည် ငါးခြောက်ဖုတ်အပ်ါတွင် အစအနောက်သန်လွန်းသည်။ တင်တင် နေမကောင်းဖြစ်နေသည့်ကြားမှ ငါးခြောက်ဖုတ်ကို

“ငါးခြောက်ဖုတ်ရယ် အမ တစ်ခုခုဖြစ်ခဲ့ရင်လေ အမ ရဲ့ ဂျီမေးလ် ပါ့စဝေါ့လေးကို အမ ဖုန်းထဲ သိမ်းခဲ့မယ်။ အဲဒါလေးကို အမေ့ကို ပေးပေးပါနော်။”

ထိုသို့ပြောလျှင် ငါးခြောက်ဖုတ်မှာ မနေသာတော့။ စိတ်မကောင်းကြီးစွာဖြစ်၍ အစ်မကြီးတစ်ယောက်ကဲ့သို့ ချစ်ခင်ရသော မနတ်သမီး ထံသွား၍ ရင်ဖွင့်သည်။ မနတ်သမီးမှာ တင်တင်နှင့် ငါးခြောက်ဖုတ်တို့ အတူကျောင်းတက်ရာဒေသမှ တင်တင်တို့၏ အစ်မကြီးဖြစ်သည်။ မနတ်သမီးမှာလည်း ငါးခြောက်ဖုတ်ကဲ့သို့ပင်ထင်၍ တင်တင့်ကို ဂရုဏာသက်စွာဖြင့် မေးသည်။

“အမမှာ ငွေမရှိတော့ဘူး။ ဆေးတွေကလဲ ဈေးကြီးလို့ မသောက်ချင်တော့ဘူး ငါးခြောက်ဖုတ်ရယ်။ အမ ဆေးမသောက်တော့ဘူး။” ဟုပြောလျှင်

“အမရယ် ကျွန်တော် ဘားမှာ ကိုယ့်ကိုယ်ကို သွားရောင်းစားပြီး အမကို ဆေးကုပေးပါ့မယ်။” မျက်ရည်လေး တလည်လည်နှင့် ပြောသည်။

“နင့်ကိုလေ သူများ ဘတ် ၂ဝ တောင်ပေးပါ့မလား ငါးခြောက်ဖုတ်ရယ်။”

တင်တင်သည် တခါတရံ ငါးခြောက်ဖုတ် ငိုသည်အထိ စတတ်ပါသည်။

အခန်း (၁၉) တင်တင်ရဲ့ လူစိမ်းကားကြီး

တင်တင် ကျောင်းတက်ခဲ့သည့်တစ်လျှောက် ကိုဝင်းဦးနှင့်တော့ အဆက်အသွယ်မပြတ်ပါ။ သို့သော် ကိုဝင်းဦးမှာလည်း ထိုစဉ်အချိန်က အလုပ်များသည်။ တင်တင်ကတော့ မပြောင်းလဲပါ။ ကိုဝင်းဦးထံမှ အီးမေးလ်လေးများ ချက်ရက်ကော့လေး များ (Chat records) ကို စံနစ်တကျသိမ်းဆည်း ဆဲပင်ဖြစ်သည်။ တင်တင် ကိုဝင်းဦးကို ပြန်တွေ့ချင်လွန်း၍ ကျောင်းမြန်မြန်ပြီးချင်လှသည်။ ကိုဝင်းဦးကို ချစ်ပါတယ်အကို ဆိုတဲ့စကားလုံးကို ရင်ထဲမှ နှစ်နှစ်ကာကာ ပြောဆဲဖြစ်သည်။ သို့သော် ကိုဝင်းဦးမှာ တဖြေးဖြေး အေးစက်လာသည်။ ၂ဝဝ၈ ခုနှစ် စက်တင်ဘာနောက်ပိုင်းမှစ၍ တင်တင့်ထံသို့ ဆက်သွယ်ခြင်း မပြုတော့ပါ။ မြန်မာပြည် နာဂစ်မွှေပြီးချိန်ဖြစ်သည်။ တင်တင့်မှာတော့ ကိုဝင်းဦး နာဂစ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အလုပ်များနေသည့်အတွက် အနှောင့်အယှက်မပေးလိုသောဆန္ဒနှင့် အဆက်အသွယ် မပြုခဲ့ပါ။ ကိုဝင်းဦး အားနိုင်မည့်အချိန်ကို မျှော်လင့်ခဲ့မိသည်။
တင်တင် ရင်ထဲမီးတောက်ခဲ့တာတော့ ကိုဝင်းဦးသိမည်မဟုတ်ပါ။ ထိုစဉ်အချိန်က ကိုဝင်းဦးသည် ရည်းစားဟောင်းရှိရာ နိုင်ငံတွင် ကာလအတန်ကြာ ရောက်နေခဲ့သည်။ တင်တင့်မှာ ရည်းစားဟောင်းနဲ့ပဲ ပြန်လည်အကြောင်းပါလေမလား ဒါမှမဟုတ် အသစ်များတွေ့လေမလားနဲ့ ရင်ပူခဲ့ရပါသည်။

ဤသို့နှင့် ကိုဝင်းဦးနှင့် တင်တင် ချစ်သူသက်တမ်းမှာ ၂ဝဝ၆ ဇူလိုင်လ ၁၃ ရက်မှ စ၍ ၂ဝဝ၈ စက်တင်ဘာ ၁၉ ရက်နေ့အထိ ကြာခဲ့သည်။ အမှန်တော့ ဘယ်အချိန် ဘယ်ကာလကတည်းက ကိုဝင်းဦး တင်တင့်အပေါ် မေတ္တာပျက်သည်ကို မသိပါ။ တင်တင့်ထံသို့ နောက်ဆုံးအဆက်အသွယ်ပြုခဲ့သော နေ့ရက်ကိုသာ တင်တင့်အနေနှင့် ချစ်သူသက်တမ်း အဆုံးသတ်နေ့ရက်အဖြစ် သတ်မှတ်လိုက်သည်။

ကိုဝင်းဦးရက်စက်သည်။

အခန်း (၂ဝ) အချစ်ကို မေ့ပျောက်ရန် ကြိုးစားသော တင်တင်

၂ဝဝ၉ ခုနှစ် ဇူလိုင်လ

တင်တင် အခုဘယ်ဒေသ ဘယ်တိုင်းဌာနေ ရောက်နေသည်ဟု ထင်ပါသလဲ။
တင်တင်တို့ ဘွဲ့လွန်စာတမ်း ပြီးစီးပြီးနောက် နယူးဇီလန် ရောက်နေပါသည်။ နယူးဇီလန်မှာ အအေးတိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် တင်တင့်ရောဂါနှင့် အဆင်ပြေသည်။ တင်တင့်ရောဂါမှာ ပူသည့်ရာသီဥတုနှင့်ဆိုလျှင် ပိုဆိုးသည်။ တင်တင့်အတွက် နဘေးမှာလည်း အမြဲစောင့်ရှောက်သည့် ငါးခြောက်ဖုတ်လည်း ရှိသည်။ တင်တင်တို့နှစ်ယောက်သည် ပညာသင်မည့်အပြင် နယူးဇီလန်တွင် ရည်းစားရှာကြည့်မည်။ တင်တင်ကတော့ ကိုဝင်းဦးကို မေ့ပျောက်ရန် ဖြစ်သည်။ ငါးခြောက်ဖုတ်ကတော့ အစကတည်းက တိုင်းတပါးကို ချစ်သူတော်ချင်သူဖြစ်၍ ရှာဖွေမည် ဖြစ်သည်။ တင်တင်တို့ နှစ်ယောက် တတ်နိုင်သမျှ တပူးတွဲတွဲ မနေတော့ရန် သဘောတူညီချက် ရယူသည်။ မဟုတ်က ရည်းစားရကြရန်အတွက် နှစ်ယောက်စလုံး ဘူပိတ်မည်။ တင်တင်လည်း တတ်နိုင်သလောက် ကိုယ့်ကျန်းမာရေးကိုယ် ကောင်းအောင် လုပ်မည်။ ငါးခြောက်ဖုတ်ကို အမှီသဟဲမပြုမိအောင် နေမည်။ ငါးခြောက်ဖုတ်မှလည်း တင်တင့်ကို စိတ်ပူသော်ငြားလည်း ဥပက္ခာပြုရန် ကြိုးစားမည်။

(နယူးဇီလန် ဇာတ်လမ်း အသေးစိတ်အဖြစ်အပျက်များကိုတော့ နောက်မှပဲ ဆက်ရေးတော့မည်။)

အခန်း (၂၁) ငါးမရ ရေချိုးပြန်ကြမည်

နယူးဇီလန်တွင် ခြောက်လကြာနေပြီးနောက် တင်တင်တို့ မြန်မာပြည်ပြန်ရန် အချိန်ကျရောက်လာပါတော့သည်။ တင်တင်နှင့် ငါးခြောက်ဖုတ်တို့မှာ ပညာသင်ကာလ ခြောက်လအတွင်း အလုပ်များလွန်းသောကြောင့် ရည်းစားမရခဲ့ပါ။ တင်တင်ကတော့ အဖြူ ဘိုထီး များကို ဘယ်လိုမှကို ကြိုက်၍ မရသောကြောင့် ဖြစ်သည်။ ငါးခြောက်ဖုတ်ကိုတော့ ဘိုမ များက မကြိုက်ကြပါ။ ဘိုမ များသည် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းများ ကြိုက်သည့် သဘောရှိသည်။ ငါးခြောက်ဖုတ်မှာ နူးညံ့သိမ်မွေ့သည်။ ထို့ကြောင့် ငါးခြောက်ဖုတ်လည်း အဆင်မပြေခဲ့ပါ။
တင်တင်တို့နှစ်ယောက် မပြန်ခင်တစ်ရက် နယူးဇီလန်ရှိ အကောင်းဆုံး ကော်ဖီဆိုင်တွင် အတူကော်ဖီသောက်ဖြစ်သည်။ ငါးခြောက်ဖုတ်မှာ ကော်ဖီသောက်လျှင် ရင်တုန်တတ်၍ သာမာန်နွားနို့ကိုသာ သောက်သည်။
ငါးခြောက်ဖုတ်မှ “အမ ဟိုလူကြီးကို မေ့သွားပြီလားဟင်”
“ဘာဟိုလူကြီးလဲ ရိုရိုသေသေ အစ်ကိုကြီး လို့ခေါ်ပါ နင့်ဦးလေးလောက်ရှိတယ်”
ငါးခြောက်ဖုတ်မှာ မျက်နှာငယ်ရှာသည်။
တင်တင်လည်း အစအနောက်သန်မှုကို ဘရိတ်အုပ်ရသည်။
“အမ ခေါင်းထဲမှာ ဒီကပြန်ရင် အလုပ်လုပ်ဖို့ပဲ စဉ်းစားထားတာရှိပါတယ် ငါးခြောက်ဖုတ်ရယ် အလုပ်လုပ်ရင်း မေ့သွားမှာပေါ့။ အမမှာ လုပ်စရာတွေက အများကြီးပါ။ အချစ်နွံနစ်မယ့် တင်တင် မဟုတ်ပါဘူး။ စိတ်ခိုင်တဲ့ တင်တင်ပါ။”
ထိုနေ့ညတွင် တင်တင်တို့နှစ်ယောက် ရည်းစားမရကြသော်ငြားလည်း နှစ်ယောက်လုံးမှာ စိတ်ညစ်မနေပါ။ နိုက်ကလပ်သွားကြပါသည်။
တင်တင့်ဘဝ ဘာဆက်ဖြစ်မလဲ မသိပါ။ သေချာတာတစ်ခုကတော့ နယူးဇီလန်မှအပြန်တွင် တင်တင်သည် ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာချမည်။ တင်တင်လိုချင်သော မိသားစုပုံစံရအောင် ဖန်တီးမည်။

အခန်း (၂၂) တင်တင် အောင်မြင်ပြီ

၁ဝ နှစ်ခန့်ကြာသော်… (၂ဝ၁၉ ခုနှစ်)
“အမေကြီးရေ ပြီးပြီလား သားသားတို့ စောင့်နေတယ် လာတော့လေ။” ကားပေါ်မှ သားအဖ သုံးယောက်က လှမ်းခေါ်ပါသည်။ သားသားတို့မှာ အပြင်သွားချင်လှသည်။ သားသားတို့ ဆိုတော့ ဘယ်နှစ်ယောက်ပါလဲ။ သားလေး သုံးယောက်ဖြစ်ပါသည်။
“လာပါပြီ အဖေကြီးရဲ့ ဒီမှာသမီးလေး ရှုရှုးပေါက်တာ စောင့်နေလို့ပါ။”
တင်တင့်အသက် ၃၉ နှစ်ပြည့်တွင် မိသားစု အပြင်ထွက်လည်ကြခြင်းဖြစ်သည်။ တင်တင် ကျန်းမာရေးကောင်းပါသည်။ ၂ဝ၁၃ တွင် တင်တင် အိမ်ထောင်ပြုပါသည်။ ကလေး လေးယောက်ကို ၆ နှစ်အတွင်း မွေးပြီးနောက် တင်တင့်ကျန်းမာရေးမှာ ဒေါင်ဒေါင်မြည်ပင်။ စိတ်ချမ်းသာခြင်းကလည်း တင်တင့် ကျန်းမာရေး အတွက် အများကြီး အထောက်အကူဖြစ်စေသည်။
တင်တင်တို့ မိသားစုသည် ငွေကြေး ချမ်းသာစားရင်းထဲတွင် မပါ။ သို့သော် သားသမီးများကို အတန်းပညာကောင်းကောင်း သင်ပေးနိုင်သည်။ တင်တင်တို့ လင်မယားက အတတ်နိုင်ဆုံး သားသမီးများကို နွေးထွေးမှုပေးသည်။ နှစ်ဘက် အဘိုးအဖွားများက ဆုံးမ သွန်သင်သည်။ သားသမီးများကလည်း ကြီးစဉ်ငယ်လိုက် အချင်းချင်း ဖေးမကြသည်။
တင်တင်တို့ လင်မယားနှစ်ယောက်သည် ဝါသနာပါရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အတူတကွလုပ်ကိုင်ကြသည်။ တစ်ချိန်တည်းမှာပဲ ကိုဝင်းဦးသည်လည်း တိုင်းပြည်၏ တစ်နေရာရာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်နေမည်ဖြစ်သည်။
တင်တင်ကတော့ မက်ဒေါနားကဲ့သို့ အသက်ကြီးလေ လှလေဖြစ်သည်။ တင်တင့်ချစ်လင်ယောက်ျားမှာတော့ တင်တင်နှင့် နေရသည်မှာ စိတ်ချမ်းသာလွန်း၍ ဗိုက်ပူနံကားလေးဖြစ်နေသည်။ တင်တင့်ကလေးများ၏ ဖခင်ကြီးမှာ တင်တင့် အပေါ် ဂရုစိုက်လွန်းသည်။ တင်တင့်ကြိုက်နှစ်သက်သော အရက်ပုလင်းလေးများ ဝယ်ပေးသည်။ တင်တင်ကလည်း လင်ယောကျာ်းကို ချစ်လွန်းသောကြောင့် တရားလွန် မသောက်ပါ။ အဘယ်ကြောင့်ဆိုသော် ကလေးများ၏ ဖခင်ကြီးသည် အရက်လုံးဝ မသောက်သောကြောင့်ဖြစ်သည်။
တင်တင့်ဘဝတွင် ကိုဝင်းဦး မရှိတော့။ အချစ်၊ အလွမ်း၊ အနမ်းများ ပျောက်သွားသည်။
ဘယ်လိုအကြောင်းကြောင့် ကိုဝင်းဦးပျောက်သွားပါသနည်း။ တင်တင် နယူးဇီလန်မှ မပြန်ခင်တစ်ရက် နိုက်ကလပ်မသွားမီ ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ကိုဝင်းဦးနှင့် ပတ်သက်သမျှ တင်တင့်ကိုယ်တွင်အဆောင်ကဲ့သို့ ကိုယ်နှင့်မကွာ ဆောင်ထားခဲ့သော ပလတ်စတိတ်လောင်းထားသည့် ဓာတ်ပုံလေးရယ်၊ ကိုဝင်းဦးထံမှ ချစ်သက်လက်ဆောင်လေး များဖြစ်သည့် ကိုဝင်းဦး၏ နာမည်အက္ခရာသင်္ကေတ စာအုပ်ညှပ်တဲ့ စတီးပြားလေးရယ်၊ သစ်ရွက်ခြောက်လေးတစ်ရွက် (autumn leaf) ရယ် အားလုံးကို တင်တင် မြေမြှုပ်ခဲ့သည်။ ထိုအချိန်က ဒီဇင်ဘာလဖြစ်၍ နှင်းများနှင့်အေးလိုက်ပါဘိ။
တင်တင် အသက် ၁၉ နှစ်တုန်းက မိခင်မှ တင်တင့်ကို မချစ်တော့ဘူးထင်၍ မိမိကိုယ် မိမိ သေကြောင်းကြံစည်ဖူးသည်။ ယခု ကိုဝင်းဦးမချစ်တော့ပေမယ့် တင်တင် မသေပါ။ တင်တင်အသက်ကြီးလာပြီ။ ကလေးကလားအလုပ်များ မိုက်ရူးရဲ ဆန်သောအလုပ်များ မလုပ်တော့ပါ။

တင်တင့်ဇာတ်လမ်း ပြီးပါပြီ။

ပညာသင်သည်မှာ အလကားသင်သည်မဟုတ်။ တတ်သမျှ မှတ်သမျှ ပညာများကို သူ့နေရာနှင့်သူ အသုံးချတတ်ရမည်။ တင်တင် သင်ခဲ့ဖူးသော Game Theory အရ တင်တင့်ဆုံးဖြတ်ချက်ကို ရုပ်လုံးဖော်ကြည့်လျှင် -
တင်တင်သည် ကိုဝင်းဦးကို ချစ်နေသေးသည် ဆိုပါစို့။ တင်တင့်တွင် ဗျူဟာ နှစ်မျိုးရှိမည် - ဖွင့်ဟမည် နှင့် မဖွင့်ဟမည်ဖြစ်သည်။ ကိုဝင်းဦးဘက်တွင် တင်တင်ဖွင့်ဟလာသည်ကို လက်ခံမည် လက်မခံမည် ဖြစ်မည်။
တင်တင်သည် ကိုဝင်းဦးနှင့် ပြန်လည်ဆက်သွယ်ပါက ကိုဝင်းဦးသည် တင်တင့်အချစ်ကို ပြန်လည်လက်ခံလျှင် တင်တင်နှင့် ကိုဝင်းဦး နှစ်ယောက်စလုံးပျော်ရွှင်မည် ဖြစ်သောကြောင့် တစ်ဦးလျှင် ၁ဝ မှတ်ရမည်။ (၁ဝ , ၁ဝ)
တင်တင့်ဘက်မှ ဖွင့်ဟသော်လည်း ကိုဝင်းဦး လက်မခံသော် တင်တင်မှာ အနှုတ် ၁ဝ မှတ်ဖြစ်၍ ကိုဝင်းဦးမှာ သုညဖြစ်သည်။ (- ၁ဝ , ဝ)
တင်တင်သည်ဖွင့်ဟသည်။ သို့သော်လည်း ကိုဝင်းဦးဘက်တွင် တင်တင့်အချစ်ကို မယုံကြည်ရသေးသောကြောင့် ကိုဝင်းဦးအပေါ် တင်တင်အမှန်အကန်မချစ်၍ အခြားတစ်ယောက်နှင့်ချစ်လျှင် ကိုဝင်းဦးမှာ အနှုတ် ၁ဝ မှတ်ရ၍ တင်တင်မှာ သုည ဖြစ်သည်။ (ဝ , - ၁ဝ)
ကိုဝင်းဦးမှာ တင်တင့်ကို မချစ်ခဲ့လျှင် တင်တင်မှလည်း ချစ်ကြောင်းမပြောတော့ဟု ဆုံးဖြတ်လျှင် နှစ်ယောက်စလုံး သုညမှတ်ဖြစ်သည်။ (ဝ , ဝ)

တင်တင်တို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဖွင့်လဲမပြော ချစ်လည်းမချစ်ခြင်းကိုရွေးချယ်မည်လား (ဝ , ဝ)
နှစ်ယောက်ထဲမှ တစ်ယောက်ယောက်က ဖွင့်ဟ၍ ပြန်လည်ချစ်ကြမည်လား (၁ဝ , ၁ဝ)

တစ်ခါတစ်ရံ ဘဝတွင် ငြိမ်နေလိုက်သည်ကလည်း ပိုကောင်းတတ်သည်။ တင်တင်သည် Risk ယူရမည်မှာ ကြောက်ပါသည်။ တင်တင့်ဘဝ ၁ဝ မှတ်မရချင်နေပါ။ အနှုတ် ၁ဝ မရဖို့က အရေးကြီးသည်။ တင်တင် သုည ကိုဝင်းဦး သုည နှင့်ပဲ ကျေနပ်လိုက်ပါတော့မည်။

2 comments:

Mogok Thar said...

Hinthar said...